ဆာနား ၂၉  အောက်တိုဘာ

 

တိုင်းပြည်အတွင်း ကာလရှည်ကြာဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် အစားအစာပြတ်တောက်မှု ဖြစ်ပွားပြီး ယီမင်နိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေးငယ်များမှာ အာဟာရချို့တဲ့မှုကို ခံစားနေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ပြောသည်။

 

စစ်တမ်းကောက်ယူလေ့လာ

 

ယီမင်နိုင်ငံတွင် အစိုးရတပ်များနှင့် သူပုန်တပ်များ တိုက်ပွဲများဖြစ်ပွားနေသည်မှာ ငါးနှစ်ရှိပြီဖြစ်သည်။ ယီမင်သမ္မတ မန်ဆောဟာဒီ၏ အစိုးရကို ဆော်ဒီအာရေဗျက ကျောထောက်နောက်ခံပြုပေးထားပြီး ဟူသီသူပုန်များကိုမူ အီရန်က ကျောထောက်နောက်ခံ ပြုပေးထားသည်။

 

ပြီးခဲ့သည့် သြဂုတ်လအတွင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၊ ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် အစားအသောက် အဖွဲ့အစည်းနှင့် ယူနီဆက်တို့သည် စစ်တမ်း ကောက်ယူလေ့လာမှုများ ပြုလုပ်ခဲ့သည်။

 

ယီမင်နိုင်ငံ အရှေ့တောင်ပိုင်း အသက်ငါးနှစ်အောက်ကလေး ၁ ဒသမ ၄ သန်းကို စစ်တမ်းကောက်ယူမှု ပြုလုပ်ခဲ့ပြီး ရလဒ်ကို အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ပေးခဲ့သည်။

 

ထွက်ပေါ်လာသည့် အစီရင်ခံစာအရ ကလေးငယ်ပေါင်း ၅၈၀၀၀၀ မှာ အမှန်စင်စစ် အာဟာရချို့တဲ့မှု ခံစားနေရပြီး ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ၉ ရာခိုင်နှုန်း အာဟာရချို့တဲ့ခြင်းဖြစ်သည်။

 

အသက် ငါးနှစ်အောက် ကလေးငယ်ပေါင်း ၉၈၀၀၀ မှာ အာဟာရချို့တဲ့မှုအတွက် ချက်ချင်းကုသမှုများ မရှိဘဲ သေဆုံးနိုင်ဖွယ်ရှိသည်ဟု ဖော်ပြထားသည်။

 

ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိ

 

စက်တင်ဘာလမှစတင်ကာ ယီမင်နိုင်ငံအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အစားအသောက်ဈေးနှုန်းမှာ အဆမတန် ကြီးမြင့်နေသည်။ ကလေးငယ်များအား အစားအသောက် ထောက်ပံ့နိုင်ရေးအတွက် ဘဏ္ဍာရေး အကူအညီများ ထောက်ပံ့ပေးကြရန် ကုလအရာရှိများက အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများကို အကူအညီတောင်းခံခဲ့သည်။ ။

 

ယခုလအစောပိုင်းကလည်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့ကြီးသည် ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့သည်။

 

အင်န်အိတ်ချ်ကေ