ဂျီနီဗာ မတ် ၂၇

 

မတ် ၂၆ ရက်တွင် ဆော်ဒီအာရေဗျနှင့် ယီမင်နိုင်ငံတို့မှ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က ရှုတ်ချပြောဆိုခဲ့သည်။

 

ဟူဒေးဒါးမြို့နှင့် ဟူဒေးဒါးဆိပ်ကမ်း တို့ကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်မည်ကို စိုးရိမ်မိ သည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။

 

ဟူဒေးဒါးဆိပ်ကမ်းမှာ ယီမင်ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် အသက်သွေးကြောဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ စတက်ဖင် ဒူဂျာရစ်က ပြောသည်။

 

ယီမင်နိုင်ငံတွင် လူဦးရေ ၂၃ သန်း ကျော်မှာ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါထူပြောမှုနှင့် အခြားသော အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့်  ရင်ဆိုင်နေရသည်။ ။

 

တိုင်းပြည်၏ အခြေခံလိုအပ်ချက်များနှင့် စီးပွားရေးမှာလည်း ပျက်သုဉ်းနေသည်ဟု ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက ပြောသည်။

 

ယီမင်နိုင်ငံရှိ ဟူသီသူပုန်များသည်လည်း ဆော်ဒီအာရေဗျရှိ အရပ်ဘက်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို မတ် ၂၅ ရက်က ပစ်မှတ်ထားကာ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

 

ဆင်ဟွာ