မန္တလေး ၃၁ မေ
ယခုနှစ်တွင် အင်ဥ အထွက်နှုန်း လျော့နည်းသွားသကဲ့သို့ အရောင်းအဝယ်များလည်း လျော့သွားကြောင်း ၄၁ လမ်း၊ ညဈေးတွင် အင်ဥရောင်းချသူများထံမှ သိရသည်။
“အရင်နှစ်ကထက်ဆိုရင် အရောင်းဝယ်သိပ်မကောင်းဘူး။ နောက်ဆုတ်နေတယ်။ ဒီရောဂါကြီး ဖြစ်နေတော့ လူတွေက စီးပွားရေး အဆင်မပြေကြဘူးလေ။ စားတော့စားချင်တယ်။ ဒါပေမယ့် ပိုက်ဆံမရှိကြဘူး။ ခါတိုင်းနှစ်ကလောက် ဒီနှစ်ပစ္စည်းကလည်း သိပ်မထွက်ဘူး။ အရင်နှစ်တွေက ကားနဲ့ အင်ဥလာရင် တခါလာ အိတ် ၅၀ လောက်လာတယ်။ ဒီနှစ်ကျ ၄ အိတ် ၆ အိတ်ပဲလာတယ်။ ၁ အိတ်ကို အချိန် ၂၅ ပိသာ ၃၀ လောက်ရှိတယ်။” ဟု ၄၁ လမ်း ညဈေးမှ အင်ဥရောင်းသူ ဦးအောင်သန်းက ပြောသည်။
အင်ဥ ပေါ်စတွင် ၁ ပိသာလျှင် ၂၅၀၀၀ ကျပ် ရှိခဲ့ရာမှ ယခုအခါ ၁ ပိသာလျှင် ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ် ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း၊ အင်ဥများကို မဘိန်း၊ မိုးမိတ်၊ ကသာ၊ လွိုင်ကော်နှင့် ရှမ်းပြည်နယ်မှ ထွက်ရှိကြောင်း၊ အင်ဥများကို ခြောက်သွေ့သောနေရာတွင် ထားပါက ၃ ရက်နီးပါး အထားခံပြီး ပူသောနေရာ ရေစိုသောနေရာတွင် ထားပါက ပျော့အိသွားကြောင်းသိရသည်။
ထိပ်ထားနိုင်


