သြဂုတ် ၆
ယခုဘဏ္ဍာနှစ် ဆယ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူ နှိုင်းယှဉ်ပါက တစ်ဘီလီယံကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ စာရင်းများအရ သိရသည်။
လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၁၉ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၉၇၇ ဒသမ ၈၂၂ သန်း ရရှိထားသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၂၄ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၅၂၆ ဒသမ ၂၁၅ သန်းသာ ရရှိခဲ့သည်။
ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ ပြီးခဲ့သည့်နှစ်ကာလတူထက် လုပ်ငန်းငါးခု လျော့နည်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏ များလာခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသည့် လုပ်ငန်းများ ဝင်ရောက်လာခြင်းကြောင့်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ထံမှ သိရသည်။
ထို့ပြင် COVID 19 ကြောင့်လည်း MIC သို့ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျော့ကျသွားခြင်း မရှိဘဲ တင်ပြလာသည့် လုပ်ငန်းများအနက် အထည်ချုပ်လုပ်ငန်းများ၊ CMP စနစ်ဖြင့် လက်ခစားလုပ်ငန်းများ ပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။
ယင်းတင်ပြလာသည့် လုပ်ငန်းများအနက် စက်မှုလက်မှုလုပ်ငန်းများ၊ လုပ်သားအခြေပြုလုပ်ငန်းများကို ဦးစားပေး ခွင့်ပြုပေးလျက်ရှိကြောင်း၊ အဆိုပါ ခွင့်ပြုပေးသည့် လုပ်ငန်းများသည်လည်း COVID 19 အလွန် ကာလတွင် စတင်အကောင်အထည်ဖော်နိုင်ရန်အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အမြန်ဆုံး ခွင့်ပြုပေးနေကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အနေဖြင့် COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အထောက်အကူပြုစေနိုင်သည့် ကျန်းမာရေးအထောက်အကူပြု နေ့စဉ်သုံး Mask ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ကျန်းမာရေးနှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်မည့် လုပ်ငန်းများ တင်ပြလာပါက လျင်မြန်စွာ ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် တာဝန်ယူမှုရှိပြီး အရည်အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်လျက်ရှိကာ ယင်းလုပ်ငန်းများ ဝင်ရောက်လာပါက နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း MIPP ကို ဂျပန်နိုင်ငံအစိုးရအဖွဲ့ဖြစ်သော JICA ၏ အကူအညီဖြင့် ရေးဆွဲထားပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (MIPP) အရ လာမည့် နှစ် ၂၀ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ရရှိရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားထားသည်။
ငြိမ်းငြိမ်း