ရန်ကုန် ၈ မေ
ယခုဘဏ္ဍာနှစ် ခုနှစ်လအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၂၀၀ ဘီလီယံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက ကျပ် ၃၀၀ ဘီလီယံကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ စာရင်းများအရ သိရသည်။
လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့အထိ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇၃ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၂၅၁၂၂၃ ဒသမ ၉၁၅ သန်း ရရှိထားသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၉ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၉၃၉၁၆ ဒသမ ၇၄၀ သန်းသာ ရရှိခဲ့သည်။
ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ ပြီးခဲ့သည့် နှစ်ကာလတူထက်လုပ်ငန်း ၁၆ ခု လျော့နည်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏ များလာခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသည့်လုပ်ငန်းများ ဝင်ရောက်လာခြင်းကြောင့်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)ထံမှ သိရသည်။
လက်ရှိ ဘဏ္ဍာနှစ် ခုနှစ်လအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနက် စက်မှုကဏ္ဍတွင် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးလုပ်ငန်းမှာ အခြားဝန်ဆောင်မှုကဏ္ဍ၊ တတိယအများဆုံးလုပ်ငန်းမှာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတို့ဖြစ်ကာ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ လယ်ယာကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ မွေးမြူရေးနှင့်ရေးလုပ်ငန်း ကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
Nyein Nyein


