ယခုဘဏ္ဍာနှစ် နှစ်လအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၆၀ဝ ဘီလီယံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက ကျပ် ၃၀ဝ ဘီလီယံကျော် ပိုမိုဝင်ရောက်

၄ ဒီဇင်ဘာ

 

ယခုဘဏ္ဍာနှစ် နှစ်လအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၆၀ဝ ဘီလီယံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက ကျပ် ၃၀ဝ ဘီလီယံကျော် ပိုမိုဝင်ရောက်ခဲ့ ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)မှ  ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။

 

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၄ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၅၃၇၁၃၄ ဒဿမ ၈၇၆ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၆၂၅၃၈၃ ဒဿမ ၄၂၀ သန်းဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ စာရင်းများအရ သိရသည်။

 

ပြီးခဲ့သည့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြု ပေးခဲ့မှုမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၆ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၂၆၆၆၂၂ ဒဿမ ဝ၆၄ သန်းသာ ရရှိခဲ့သည်။

 

ထို့ပြင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှု ကာလတူနှိုင်းယှဉ်ရာတွင် ယခု ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းအရေအတွက် ၁၂ ခုခန့် လျော့နည်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသည့် လုပ်ငန်းများ ဝင်ရောက်လာခြင်းကြောင့်  မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၃၀ဝ ဘီလီယံကျော် ပိုမိုဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ စက်မှုကဏ္ဍတွင် ၁၂ ခု၊ အခြားဝန်ဆောင်မှု ကဏ္ဍတွင် ၄ ခု၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် အိမ်ယာအဆောက်အအုံ တည်ဆောက် ဖွံ့ဖြိုးရေး ကဏ္ဍတို့တွင် ၃ ခုစီ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍနှင့် လယ်ယာကဏ္ဍ တို့တွင် တစ်ခုစီတို့ ဖြစ်သည်။

 

ငြိမ်းငြိမ်း-နယူးလိုက်