ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက တစ်ဘီလီယံကျော် ပိုမိုဝင်ရောက်

ဇွန် ၉

 

ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက တစ်ဘီလီယံကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ စာရင်းများအရ သိရသည်။

 

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ မေ ၃၁ ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇၈ ခုမှ ရင်းနှီးမြှုပ်နှံမှုများနှင့် ယခင်ခွင့်ပြုပြီးလုပ်ငန်းများမှ ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၁၀၂ ဒသမ ၂၈၉ သန်း ရရှိထားသည်။

 

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇၀ ခုမှ ရင်းနှီးမြှုပ်နှံမှုများနှင့် ယခင်ခွင့်ပြုပြီးလုပ်ငန်းများမှ ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄၉၉ ဒသမ ၄၁၃ သန်းသာ ရရှိခဲ့သည်။

 

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ ပြီးခဲ့သည့်နှစ်ကာလတူထက် လုပ်ငန်း ၈ ခု ပိုမိုဝင်ရောက်လာကြောင်း သိရသည်။

 

လက်ရှိ COVID 19 ကြောင့် MIC သို့ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာလည်း လျော့ကျသွားခြင်းမရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားထားသည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားသည်။

 

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် တာဝန်ယူမှုရှိပြီး အရည်အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်လျက်ရှိကာ ယင်းလုပ်ငန်းများ ဝင်ရောက်လာပါက နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊

 

ထို့ကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း MIPP ကို ဂျပန်နိုင်ငံအစိုးရအဖွဲ့ဖြစ်သော JICA ၏ အကူအညီဖြင့် ရေးဆွဲထားပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (MIPP)အရ လာမည့် နှစ် ၂၀ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ရရှိရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားထားသည်။

 

ငြိမ်းငြိမ်း