ဇူလိုင်လအတွင်း မြောက်ကိုရီးနိုင်ငံ၏ နျူကလီးယားလျော့ချရေးအတွက် နှစ်ဘက်ဆွေးနွေးပွဲများကို ပြန်လည် ပြုလုပ်မည်ဟု မျှော်လင့်ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။
လာမည့် နှစ်ပတ်မှ သုံးပတ်အတွင်း စေ့စပ်ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းကာ ရပ်တန့်နေသည့် ဆွေးနွေးမှုမှုများ ပြန်လည်စတင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့က ယမန်နေ့ကပြုလုပ်သည့် တတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် သဘောတူခဲ့သည်။
ထရန့်နှင့်ကင်တို့သည် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား စစ်မဲ့ဇုန်ဖြစ်သည့် အပစ်အခတ်ရပ်စဲရေးကျေးရွာ ပန်မွန်ဂျုံ၌ တွေ့ဆုံခဲ့ကြသည်။
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတီဗင်ဂန်တို့သည် မြောက်ကိုရီးယား နိုင်ငံခြားရေးတာဝန်ရှိသူများနှင့် ဆွေးနွေးပွဲကို ဦးဆောင်မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က ကိုရီးယားနိုင်ငံမှ မထွက်ခွာမီ ပွန်ပီယိုက သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ပါဝင်ဆွေးနွေးထားသည့် နျူကလီးယား လျော့ချရေး လုပ်ငန်းစဉ်ထဲတွင် ပါဝင်သည့်အချက်များနှင့်ပတ်သက်၍ သဘောတူညီမှု မရသေးပေ။
တနင်္ဂနွေနေ့ ည ၈နာရီအချိန်တွင် အိမ်ဖြူတော်သို့ ထရန့် ပြန်လည်ရောက်ရှိချိန်တွင် သတင်းထောက်များ၏ မေးခွန်းကို ထရန့်က ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်