မျိုးမြင့်သူ

ခေါင်းစဉ်ပါ“ယခုလပေးချေရသော ဓာတ်အားခသည် နောက်လ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် အရင်းဖြစ်သည်” ဆိုသည်မှာ အမှန်ဖြစ်သည်။


စာရေးသူက စီးပွားရေးသမား၊ ကုန်သည်မျိုးရိုးဖြစ်ပြီး ညီမငယ်ထွေး၏ ကုန်စုံဆိုင်အဝတွင်“ ယနေ့ရောင်းရငွေသည် မနက်ဖြန်အတွက် အရင်းဖြစ်သည်။” “ယနေ့အကြွေးမပေးပါ” စာတန်းနှစ်ခု ချိတ်ဆွဲထားသည်။ ညီမငယ်ထွေးကုန်စုံဆိုင် စဖွင့်ပြီးချိန်ကစလို့ ချိတ်ဆွဲထားသည့် စာတန်းအတိုင်း လုံးဝအကြွေး မရောင်းပါ။ နေ့စဉ် ရောင်းရငွေများကိုစုပြီး ဈေးဆိုင်အတွက် လိုသည့်ပစ္စည်း ပြန်ဝယ်လိုက်၊ ရောင်းလိုက်နှင့် ယခုဆိုလျှင် သူ့ဆိုင်က မီနီမားကတ်နီးပါး တိုးတက်နေပါပြီ။

ညီမငယ် ကုန်စုံဆိုင်မဖွင့်မီ ကျောင်းသူဘဝက စာရေးသူတို့၏ ဟိုဘက်လမ်းမှာ ကုန်စုံဆိုင်ကြီး တစ်ဆိုင်ရှိခဲ့သည်။ စာရေးသူတို့ မိသားစုလည်း ၎င်းဆိုင်မှာ လိုအပ်သည်များ ဝယ်ကြရသည်။

ကုန်စုံဆိုင်ပိုင်ရှင် လင်မယားက သဘောကောင်းပြီး သနားတတ်လေတော့ ရပ်ကွက်ထဲ အကြွေးရောင်းပါသည်။ လိုရင်းတိုရှင်းပြောရလျှင် အကြွေးယူသူများက များလာပြီး ယူထားသည့် ကုန်ကြွေးမပေးကြ၊ လိမ်ကြ၊ နေအိမ်ပြောင်းရွှေ့ကြနှင့် နောက်ဆုံးတော့ ငွေရင်းပျောက်ပြီး ကုန်စုံဆိုင် ပိတ်လိုက်ရသည်။

အကြွေးပေးရခြင်း။ အကြွေးရောင်းရခြင်းက အင်မတန်ကြောက်စရာကောင်းလှသည်။ သို့ပေသည့် မကြောက်မလန့် ဟိုယခင်နှစ်ပေါင်းများစွာမှ ယနေ့တိုင် အကြွေးပေး၊ အကြွေးရောင်းနေသည့် ဌာနကတော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာ့ လျှပ်စစ်ဓာတ်အားလုပ်ငန်းပဲဖြစ်သည်။

ခွဲဝေသုံးစွဲ

ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားများကို လျှပ်စစ်ဓာတ်အား သုံးစွဲသူပြည်သူများ၏ နေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံများကို door to door စနစ်ဖြင့် ဝန်ဆောင်မှုပေးကာ ရောင်းချလျက်ရှိနေသည်။ လျှပ်စစ်ဓာတ်အား သုံးစွဲသူများအား လျှပ်စစ်ဓာတ်အား “ကြိုက်သလောက်သုံး၊ ကျသလောက်ပေး” တစ်လ သုံးသမျှ လျှပ်စစ်ဓာတ်အားခကို နောက်လမှ ပေးရသော အကြွေးစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးလျက်ရှိနေသည်။ “ယနေ့ ရောင်းရငွေသည်-မနက်ဖြန်အတွက် အရင်းဖြစ်သည်။” “ယခုပေးချေ ရသောဓာတ်အားခသည် နောက်လလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် အရင်းဖြစ်သည်” ဟု စာရေးသူရှေ့တွင် ရေးသားထားသည့်အတိုင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းသည် လက်ရှိလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်ရရှိသော လျှပ်စစ်ဓာတ်အားများကို ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများမှတစ်ဆင့် သာသနိကအဆောက်အအုံများ၊ ဓာတ်အားသုံးစွဲသူတို့၏ နေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ ကုန်တိုက်ကြီးများသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးရာ၌ ထုတ်လုပ်ကုန်ကျစရိတ်၊ ဝန်ထမ်းစရိတ်၊ ပြုပြင်ထိန်းသိမ်းစရိတ် စသည်တို့မှာ ဓာတ်အားရောင်းချရသောငွေ (လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံမှရသော မီတာခ)တို့မှ ခွဲဝေသုံးစွဲနေရခြင်း ဖြစ်သည်။

တကယ်တော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချသည့် စီးပွားရေး လုပ်ငန်းဖြစ်ရာ ထုတ်လုပ်သမျှ ကုန်ပစ္စည်းကို ရောင်းချရမှ၊ လုပ်ငန်းအဆင်ပြေမှ အမြတ်ရမည် ဖြစ်သည်။

နိုင်ငံတော်က အစီအမံများချမှတ်

ရောင်းလိုအားနှင့် ဝယ်လိုအား မျှတရန် ထုတ်လုပ်သမျှ ရောင်းချရရန် အရေးကြီးသည်။ သို့သော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့်မူ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မှုထက် သုံးစွဲလိုသူများသဖြင့် လျှပ်စစ်ဓာတ်အားကို တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်က အထူးအားပေးကာ အစီအမံများ ချမှတ်ပြီး အသုံးစရိတ် ငွေလုံးငွေရင်းများ ပိုမိုချမှတ် သုံးစွဲခွင့်ပြုခြင်း၊ နိုင်ငံခြားချေးငွေများ ခွင့်ပြုပေးခြင်းတို့ဖြင့် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးထောက်ပံ့နေသလို လျှပ်စစ်ဓာတ်အား ရောင်းချရငွေများလည်း အပြည့်အဝအချိန်နှင့်တစ်ပြေးညီ ရရှိရန် လိုအပ်ပါသည်။ သို့မှသာ ဝယ်လိုအားများသည့် လျှပ်စစ်ဓာတ်အားကို တိုးတက် ထုတ်လုပ်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ယခုအခါ လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များနေ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အားခ ကြွေးကျန်ကောက်ခံခြင်းကို လုပ်ငန်းတစ်ရပ်အနေဖြင့် လုပ်ဆောင်နေရသည်။

စာရေးသူကစီးပွားရေးသမားပီပီ ဌာနဆိုင်ရာများ၊ ကုန်သည်များ၊ လုပ်ငန်းရှင်များနှင့် ထဲထဲဝင်ဝင်၊ ရင်းရင်းနှီးနှီးရှိရာ တစ်ချိန်က လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲသူများကို စီမံချက်ဖြင့် ဖမ်းဆီးဒဏ်ရိုက်ရာမှ ရရှိသောငွေဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ရုံးတစ်ရုံး ဆောက်နိုင်ခဲ့ကြောင်း အတွင်းစကား ကြားသိခဲ့ရသည်။

အခုလည်း ရေးရရင်စိတ်တော့ မဆိုးကြပါနဲ့။

“လျှပ်စစ်ဓာတ်အားကိုတော့ အလျှံပယ်သုံးချင်-ဓာတ်အားခပေးဖို့ကိုတော့ ရှောင်ချင်ချင်” ဆိုသလို ဓာတ်အားခ ရှောင်ကြလို့ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှာ ကျွေးကျန်ရရှိရေးက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေပါပြီ။ ဓာတ်အားခကြွေးကျန် ကောက်ခံရေးအတွက် အလုပ်ပိုတစ်ခု လုပ်နေရ၍ အချိန်ရော ဝန်ထမ်းအင်အားပါ ဆုံးရှုံးနေသည်။

ကျသင့်သည့် ဓာတ်အားခကို အချိန်မီပေးချေရန်လို

တကယ်တော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်လုပ်ဖြန့်ဖြူးနေသည့် လျှပ်စစ်ဓာတ်အားကို ခလုတ်တစ်ချက်နှိပ်ရုံနှင့် လွယ်လင့်တကူ သုံးစွဲနိုင်သလို မိမိတို့သုံးစွဲလို့ ကျသင့်သည့် ဓာတ်အားခကိုလည်း ကြည်ကြည်ဖြူဖြူ လွယ်လင့်တကူ အချိန်မီ ပေးချေရန်လိုသည်။

မိမိတို့ သုံးစွဲခဲ့သော ဓာတ်အားခငွေများကို မှန်မှန်ကန်ကန် ပေးချေကြခြင်းဖြင့် “ယခုလပေးချေ ရသောဓာတ်အားခသည် နောက်လလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် အရင်းဖြစ်သဖြင့်” နောက်လတွေ၊ နောက်လတွေမှာ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးအတွက် ယခုလပေးချေရမည့် လျှပ်စစ်ဓာတ်အားခများကို ကြည်ကြည်ဖြူဖြူ၊ အချိန်မှန်မှန် ပေးချေကြခြင်းဖြင့် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် အထောက်အကူပြုရာ ရောက်မည်ဖြစ်ပါကြောင်း ရေးသားအကြံပြု အပ်ပါသည်။ ။