၁  ဒီဇင်ဘာ

 

ယခုနှစ် ၁၁ လအတွင်း လူကုန်ကူးမှု ၁၀၆ မှု ဖြစ်ပွားပြီး လူကုန်ကူးခံရသူ ၁၆၀ ရှိသည့်အနက် အမျိုးသမီးက​လေးငယ် ၃၇ ဦးပါဝင်ကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

 

အဆိုပါ လူကုန်ကူးမှုများမှာ ဇန်နဝါရီတွင် ၁၅ မှု၊ ဖေဖော်ဝါရီတွင် ၇ မှု၊ မတ်တွင် ၉ မှု၊ ဧပြီတွင် ၆ မှု၊ မေတွင် ၆ မှု၊ ဇွန်တွင် ၁၅ မှု၊ ဇူလိုင်တွင် ၁၄ မှု၊ သြဂုတ်တွင် ၁၆ မှု၊  စက်တင်ဘာတွင် ၆ မှု၊ အောက်တိုဘာတွင် ၄ မှုနှင့် နိုဝင်ဘာတွင် ၈ မှု ဖြစ်ပွားခဲ့သည်။

 

ယင်းအမှုများတွင် လူကုန်ကူးမှု ပြစ်မှုကျုးလွန်သူပေါင်း ၂၉၆ ဦး ဖမ်းဆီးရမိပြီး လူကုန်ကူးခံရသူပေါင်း ၁၆၀ ဦး ရှိခဲ့သည်။

 

အဆိုပါ  လူကုန်ကူးမှုများတွင် အဓမ္မလက်ထပ်မှု၊ အဓမ္မပြည့်တန်ဆာပြုမှုနှင့် အဓမ္မလုပ်အားစေခိုင်းမှု တို့ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်၊ ထိုင်း၊ မလေးရှားနှင့် ပြည်တွင်း၌ပင် လူကုန်ကူးခံရခြင်းဖြစ်ကာ အများစုမှာ တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်မှုဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

လက်ရှိ ၁၁ လအတွင်း လူကုန်ကူးမှု ၁၀၆ မှုအနက် တရုတ်နိုင်ငံတွင် အဓမ္မလက်ထပ်မှု  ၇၉ မှု၊ ပြည်တွင်းတွင် အဓမ္မလက်ထပ်မှု နှစ်မှု၊ ​ထိုင်းတွင် အဓမ္မလက်ထပ်မှု တစ်မှု၊ ပြည်တွင်းတွင် အဓမ္မပြည့်တန်ဆာပြုမှု ၁၂ မှု၊ ပြည်တွင်းတွင် အဓမ္မလုပ်အားစေခိုင်းမှု ၇ မှု၊ မလေးရှားတွင် အဓမ္မလုပ်အားစေခိုင်းမှု ၂ မှု၊ ထိုင်းတွင် အဓမ္မ ပြည့်တန်ဆာပြုမှု တစ်မှု၊ တရုတ်တွင် အဓမ္မလုပ်အားစေခိုင်းမှု တစ်မှုနှင့် တရုတ်တွင် အဓမ္မ အငှားကိုယ်ဝန်ဆောင်မှု တစ်မှုတို့ဖြစ်သည်။

 

ထို့ပြင် ၁၁ လအတွင်း လူကုန်ကူးခံရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ရှမ်းပြည်နယ်တွင် ၃၅ မှု​​ဖြင့် အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၂၉ မှုဖြင့် ဒုတိယအများဆုံးဖြစ်ကာ မန္တလေးတိုင်းဒေသကြီးတွင် ၁၀ မှုဖြင့် တတိယအများဆုံးဖြစ်ကြောင်း၊ ကချင်ပြည်နယ်တွင် ၉ မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၇ မှု၊  ပဲခူးတိုင်းဒေသကြီးတွင် ၆ မှု၊ မကွေးတိုင်းဒေသကြီးနှင့် တနသာ်ရီတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် ၂ မှုစီ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တစ်မှုစီ ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းငြိမ်း