နေပြည်တော် ၁၉ ဇူလိုင်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရေဦး မဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်းက ပြည်သူများအား ခွေးရူးရောဂါ အန္တရာယ် ကင်းဝေးစေရန် အသိပညာပေးခြင်းနှင့် လမ်းဘေးခွေးအပါအဝင် မြန်မာနိုင်ငံ အတွင်းရှိ ခွေးအားလုံးအား ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ၎င်းမေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို မေးသော်ငြားလည်း ဝန်ကြီးဌာနကိုယ်စားရော၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုယ်စားရော မိမိဖြေကြားသွားမည်ဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် နိုင်ငံသူနိုင်ငံသားအားလုံး ခွေးရူးရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် အာဆီယံဒေသတွင်းနိုင်ငံများ သဘောတူညီအောင်မြင်စေရန် ပြည်သူများ အသိပညာပေးခြင်းနှင့် လမ်းဘေးခွေး အပါအဝင် မြန်မာနိုင်ငံရှိ ခွေးအားလုံးအား ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကိစ္စနှင့်ပတ်သက်ပြီး သိလိုသည့် မေးခွန်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီးမေးသည့် မေးခွန်းကို ပြန်လည်သုံးသပ်သည့်အခါ အဓိက (၃)ချက် ရှိပါကြောင်း၊ ပထမတစ်ချက်အနေဖြင့် မေးခွန်းတွင် နိုင်ငံသူနိုင်ငံတိုင်း ခွေးရူးရောဂါ အန္တရာယ် ကင်းဝေးစေရန် ထိုအချက်တွင် ကြည့်လိုက်သည့်အခါ ကင်းဝေးဖို့ဆိုလျှင် (၁) ခွေးမကိုက်ခံရခြင်း၊ (၂) ကိုက်ခံရပါက သေဆုံးမှုမရှိခြင်း ၎င်းကိစ္စများကို မိမိ အသေးစိတ်တင်ပြမည် ဖြစ်ပါကြောင်း၊ နံပါတ်(၂) အာဆီယံသဘောတူညီချက်မူများအရ အောင်မြင်မှုရစေရန် ဖြစ်ပါကြောင်း၊ ၎င်းကိစ္စနှင့် ပတ်သက်၍ မိမိတို့ ဝန်ကြီးဌာနများပေါင်းမည်၊ One Health Approach နှင့် FAO၊ OIE (OIE ဆိုတာက Animals Health Organization ပါ)၊ WHO တို့နှင့် ပေါင်းပြီးလုပ်မည်။ မိတ်ဖက်အဖွဲ့အစည်း၊ community Based Organization တို့နဲ့ပေါင်းပြီးလုပ်မည်။ လုပ်မည့် ကိစ္စရပ်များကလည်း မိမိတို့ မဟာဗျူဟာနှင့် နည်းဗျူဟာများအားလုံးချထားပြီးဖြစ်သည့်အတွက် ၎င်းမဟာဗျူဟာနှင့် နည်းဗျူဟာအတိုင်း ဆက်လက်လုပ်မည် ဖြစ်ပါကြောင်း။
နံပါတ်(၃)ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်ကြီးမေးသည့် မေးခွန်းမှာ ခွေးများအားလုံး ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနကို မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ၎င်းမေးခွန်းသည် အလွန်အရေးကြီးသည့် မေးခွန်းဖြစ်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့် Power Point များမှာလည်း တော်တော် ကောင်းပြီး ဗဟုသုတများနှင့် Information လည်းရပါကြောင်း၊ ၎င်းကိုကြည့်မည်ဆိုလျှင် မိမိတို့နိုင်ငံ၏ ဘဏ္ဍာငွေများသည် မကုန်သင့်တာထက် ပိုကုန်နေရ ပါကြောင်း၊ ဘာကြောင့်ကုန်သလဲဆိုသည်ကို မိမိတင်ပြမည်ဖြစ်ပါကြောင်း၊ နောက်တစ်ခု ဒီခွေး ကိုက်ခံရမည်ဆိုလျှင် စိတ်ဖိစီးမှု၊ စိုးရိမ်မှု(Stress)များမှာ အရမ်းများပါကြောင်း၊ နောက်တစ်ခုမှာ တကယ်သာခွေးရူးကိုက်ပြီး ကာကွယ်ဆေးကိုမထိုးနိုင်ဘူးဆိုလျှင် ၁၀ဝ ရာခိုင်နှုန်း သေရန်ရှိပါကြောင်း၊ ထို့ကြောင့် ၎င်းအချက်များကို မိမိတို့က ဂရုစိုက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ခွေးကိုက်ခံရသူတိုင်းသည် ဆေးထိုးရမည်ဖြစ်ပါကြောင်း။ ဘာကြောင့်လဲဆိုလျှင် ခွေးကိုက်လျှင် ခွေးရူး ဟုတ်လား/မဟုတ်လား မည်သူမှကြိုပြီးမသိပါကြောင်း။ ထို့ကြောင့် လူတိုင်းထိုးမည်၊ လူတိုင်းထိုးမည်ဆိုပါက ခွေးကိုက်ခံရသူများတိုင်းများတိုင်း ကျန်းမာရေးဝန်ကြီးဌာနတွင် ဝန်ဆောင်မှုက တော်တော်ပိပါကြောင်း။ ဆေးထိုးပေးရမည်။ အဲဒါတွေရှိပါကြောင်း၊ နောက်တစ်ခုမှာ အကယ်၍သာ တကယ်ရူးသည့်ခွေးကကိုက်ပြီး မိမိတို့က ဆေးမထိုးဘူးဆိုလျှင် ထိုလူသည် ရာခိုင်နှုန်းပြည့်သေပါမည်။ ထို့ကြောင့် မိမိတို့ ဦးအောင်ထိုးရမည်။ ဦးအောင်ထိုးရမည်ဆိုလျှင် ပြည်သူလူထု၏ အသိပညာအရမ်းအရေးကြီးပါကြောင်း၊ ပြည်သူလူထုက စောစီးစွာ လာမှဖြစ်မည်။ ခွေးကိုက်သည်ဆိုသည်မှာ ခွေးရူး၏ Saliva ပေါ့။ တံတွေးတွင် Virus ရှိပါကြောင်း၊ ထို Virus က Muscle ကို ကိုက်လိုက်သည်နှင့် Muscle တွင်ပွားပြီး ဒီကောင်က Muscle တွင်ရှိသည့် Nerve ထဲသို့ ဝင်သွားပြီး Spinal Cord ကို သွားပါကြောင်း၊ Spinal Cord မှ ဦးနှောက်သို့ ရောက်ပါကြောင်း၊ ဒါအတွင်းကိုသွားတာ။ ဦးနှောက်သို့ ရောက်ပြီးသည့်အခါ ဦးနှောက်မှတစ်ဆင့် နှလုံးနှင့်ကြွက်သားများဆီသွားမည်။ Adrenal Gland တို့ အခြားနေရာများသို့ ရောက်သွားပါ ကြောင်း၊ ဆိုလိုသည်မှာ ထို Virus ဦးနှောက်သို့မရောက်ခင် မိမိတို့က အရင်ဆုံးကိုင်တွယ်ရမည်။ အစောဆုံးထိုးရမည်။ ပြည်သူတို့ သိရမည်မှာ ခွေးကိုက်ပါ ဥပမာ-ခွေးကိုက်လိုက်လျှင် အပေါ် ရောက်လေ၊ ရောက်လေ အန္တရာယ်ပိုများလေ။ ခြေထောက်တွင် ကိုက်လျှင် ၎င်းတို့ရောက်ဖို့ Chance က အချိန်ကလိုပါကြောင်း၊ လက်ကိုကိုက်တာ၊ မျက်နှာကိုက်တာ ပိုဆိုးပါကြောင်း၊ ကိုက်သည့်အပြင် ကိုက်တာ ဘယ်လောက်များသလဲ။ ၎င်းအပေါ်မူတည်ပြီး Virus ၏ Load ကလည်း များပါကြောင်း၊ ဒါတွေအကုန်လုံးကို ပြည်သူများသိမည်ဆိုပါက စောစီးစွာ လာထိုးမည် ဆိုပါက သေမည့် အလားအလာ အလွန်နည်းသွားပါကြောင်း၊ ၎င်းအချက်များကို ပြည်သူလူထုမှ အားလုံးသိရန်လိုပါကြောင်း။
နောက်တစ်ချက်မှ ခွေးကိုက်သည့်အခါ မိမိတို့က ပြည်သူလူထုကို မသေအောင်၊ အန္တရာယ်မရှိအောင် ကာကွယ်ဆေးများ ဝယ်နေပါကြောင်း၊ ယခုအစိုးရတက်လာပြီးတော့ ၂၀၁၆-၁၇ ခုနှစ်မှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ထိ မိမိတို့ဝယ်သည့် ခွေးရူးနှင့် ပတ်သက်ပြီး Anti-rabies vaccine ဝယ်တာ ၁၃ ဒသမ ၇၂ ဘီလီယံ လောက်ဝယ်ရပါကြောင်း၊ အကယ်၍သာ ခွေးမကိုက်ဘူးဆိုလျှင် ၎င်း ပိုက်ဆံ ၁၃ ဒသမ ၇၂ က မကုန်ပါကြောင်း၊ ထို့အပြင် အလွန်အန္တရာယ်ရှိသည့် category-3 ပေါ့။ အဆင့် (၃) တွင် အကိုက်ခံရသည့် လူများဆိုရင် အဲ့ဒါအပြင် ကိုက်သည့်နေရာတွင် Rabies immunoglobulin ထိုးပေးရပါကြောင်း၊ ၎င်းအတွက် ဝယ်ထားသည်မှာ ၁ ဒသမ ၂ ဘီလီယံ လောက်ပါပါကြောင်း၊ နှစ်ခု ပေါင်းလျှင် ၁၅ ဘီလီယံလောက် ယခုအစိုးရလက်ထက်တွင် သုံးထားပြီးဖြစ်ပါကြောင်း၊ တိုင်းပြည်မှလည်း ဘဏ္ဍာငွေချပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ Rabies Vaccine တစ်လုံးထိုးလျှင် ၈၀ဝ၀ ကျော် ကုန်ကျပါကြောင်း၊ Intramuscular အသားထဲထိုးလျှင် လေးလုံးကုန်သည့်အတွက် ၃၂၀ဝ၀ ကျပ် ကျပါကြောင်း၊ အကယ်၍ Intradermal ဆိုလျှင် နှစ်လုံးပဲကုန်သည့်အတွက် ၁၆၀ဝ၀ သာ ကျပါကြောင်း၊ မိမိတို့ ညွှန်ကြားချက်အကုန်ထုတ်ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ခွေးရူးကာကွယ်ဆေးထိုးလျှင် ကြွက်သားထဲသို့ မထိုးဘဲ အရေးပြားတွင် ရှပ်ပြီးထိုးပါက ဆေးတစ်ဝက်နီးပါးလောက် သက်သာမည်ဖြစ်ပါကြောင်း။
နောက်တစ်ခုမှာ ခွေးက အရမ်းကိုက်လျှင် Rabies Immunoglobulin ထိုးရပါကြောင်း၊ တစ်လုံးလျှင် ၁၆၅၀ဝ ကျပ် ကျပါကြောင်း၊ ခန္ဓာကိုယ်အလေးချိန် (Body Weight) ပေါ်တွင် မူတည်ပြီး ထိုးရသည့်အတွက် ပိုက်ဆံအများကြီးကုန်ပါကြောင်း၊ ခွေးကိုက်နှုန်းများမှာ တဖြည်းဖြည်းမြင့်တက်လာပါကြောင်း။ ဥပမာ- ၂၀၁၇ ခုနှစ်တွင် ကိုက်ခံရသည့် လူပေါင်း ၁၈၀ဝ၀ဝ ဦး၊ တစ်လလျှင် ၁၅၀ဝ၀ ဦးအကိုက်ခံရပါကြောင်း။ ၂၀၁၈ ခုနှစ်တွင် ၁၉၂၀ဝ၀ ဦးကျော် ကိုက်သည့်အတွက် တစ်လလျှင် ၁၆၀ဝ၀ ဦးလောက် အကိုက်ခံရပါကြောင်း။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ယခုခြောက်လအတွင်း ၆၀ဝ၀ဝ ဦး အကိုက်ခံရပြီး တစ်လလျှင် ၁၂၀ဝ၀ ဦးလောက် အကိုက်ခံနေရပါကြောင်း။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ၎င်းဆေးများကို ၁၃ ဒသမ ၇၂ ဘီလီယံ လောက် ဝယ်ပါကြောင်း၊ Rabies Immunoglobulin များ ဝယ်ပါကြောင်း၊ သေနှုန်း ကျသွားပါကြောင်း၊ ၁၉၉၅ ခုနှစ်မှ၂၀ဝ၄ ခုနှစ်အထိ ၁၀ဝ၀ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၂၄၅ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၇၁ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၄၁ ဦးသာသေပါကြောင်း၊ နောက်တစ်ခုအနေဖြင့် ပညာပေးလုပ်ငန်းများ ပိုလုပ်မည်ဖြစ်ပါကြောင်း၊ ဘာသာရေးအရ ခွေးသတ်ရန် အားမပေးပါကြောင်း၊ ခွေးချစ်သူများ အသင်းများလည်း ရှိနေသည့်အတွက် မိမိတို့ တတ်နိုင်သမျှ ညှိနှိုင်း၊ စည်းရုံး၊ ပညာပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ခွေးရူးကာကွယ်ဆေးကို တစ်ပြည်လုံးအတိုင်းအတာအနေဖြင့် မြို့နယ်ပေါင်း ၃၃၀ တွင် အကုန်လုံးပေးထားပါကြောင်း၊ သို့သော် တိုက်နယ်ဆေးရုံများကိုတော့ မပေးနိုင်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် plus 2 to plus 8 Degree Centigrade ထားရမည်ဖြစ်သောကြောင့် Cold Chain မရှိသည့်အတွက် တိုက်နယ်ဆေးရုံများကို မပေးနိုင်ခြင်း ဖြစ်ပါကြောင်း။
ခွေးရူးရောဂါကာကွယ်ရန်အတွက် ၁၃.၇၂ ဘီလီယံသက်သာအောင် ရန်ကုန်တွင် Dog Bite Treatment Centre များဆိုပြီး မေလ ၂၉ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး၊ သင်္ဃန်းကျွန်းနှင့် အင်းစိန်တို့တွင် ဖွင့်ပါကြောင်း၊ တစ်လခွဲအတွင်း ၃၃၂၆ ဦးကို အကြိမ်ပေါင်း ၁၁၄၆၈ ထိုးလိုက်နိုင်သည့်အတွက် အောင်မြင်မှုတစ်ရပ်ဟု ပြော၍ရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁၀ဝ၀ ဦးကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၅၀ဝ၀ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၄၀ဝ၀ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀ဝ၀ဝ ဦးလောက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မည်သည့်မြို့နယ်တွင် အကိုက်အများဆုံးလဲ ပြန်ကြည့်ပြီး ကိုက်သည့်မြို့နယ်တွင် ပညာပေးလုပ်ငန်းများ၊ မဟာဗျူဟာ၊ နည်းဗျူဟာများနှင့် လုပ်မည်ဖြစ်ပါ ကြောင်း၊ ၎င်းမြို့နယ်များကိုလည်း High Risk၊ Medium Risk၊ Low Risk ဆိုပြီး ခွဲပါကြောင်း၊ ထိုသို့လုပ်ခြင်းအားဖြင့် ပြည်သူများ ခွေးရူးကိုက်ခြင်းအန္တရာယ်မှ နည်းမည် ဖြစ်ပါကြောင်း၊ ၎င်းကိစ္စ နှင့်ပတ်သက်ပြီး ASEAN Rabies Elimination Strategy 2020 ရှိပါကြောင်း၊ ၎င်းတွင်ပါသည့် အချက်များကိုလည်း မိမိတို့အားလုံးလုပ်ပါကြောင်း၊ All Inclusive ဖြစ်ရမည်၊ Inter sectorial အဆင့်ဆင့်လိုက်လုပ်ရမည့်ကိစ္စများ၊ FAO၊ WHO၊ OIE တို့နှင့် ပေါင်းပြီးလုပ်ရမည့်ကိစ္စများ အားလုံးပါပါကြောင်း၊ ၎င်းကိုလုပ်မည်ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လုပ်လို့မရပါကြောင်း၊ အထူးသဖြင့် Community Based Organization များ၊ NGO များ၊ ပြည်သူလူထုများ အားလုံးပါဝင်မှ ရမည်ဖြစ်ပါကြောင်း။
ခွေးများအားလုံး ကာကွယ်ဆေးထိုးမည့်ကိစ္စမှာ ၂၀၁၈ ခုနှစ် ခွေး၏ Census ကို ကောက်သည့်အခါ ပိုင်ရှင်ရှိခွေးမှာ လေးသန်း၊ ပိုင်ရှင်မဲ့ ခွေးမှာ နှစ်သန်းကျော်ရှိပါကြောင်း၊ ၎င်းတို့၏ပေါက်ဖွားနှုန်းကို ကြည့်မည်ဆိုပါက ကြောက်ခမန်းလိလိ Time Bomb အချိန်ကိုက်ဗုံး ကြီးနှင့် တူနေပါကြောင်း၊ ခွေးကသားမွေးပေါက်မည်ဆိုပါက ၎င်းခွေးများကို ကာကွယ်ဆေးများ လိုက်ထိုး၍ ပြီးမည့်ကိစ္စမဟုတ်ပါကြောင်း၊ နောက်ထပ်အနှစ်တစ်ရာလည်း ပြီးမည်မဟုတ်သည့် အတွက် ခွေးပေါက်ဖွားနှုန်းကို လျှော့ရန်လိုပါကြောင်း၊ ၎င်းအတွက် ဘတ်ဂျက်နည်းနည်းလို ပါကြောင်း၊ ဥပမာ ခွေးတစ်ကောင်ကို ကာကွယ်ဆေးထိုးမည်ဆိုပါက ၇၀ဝ ကျပ်မှ ၁၀ဝ၀ ကျပ်လောက်ကုန်ပါကြောင်း၊ ထိုးမည်ဆိုပါက ၎င်းကာကွယ်ဆေးထိုး ရန်ပြင်ပက အခြား Vaccine တွေသုံးမည်ဆိုပါက ၁၀ဝ၀ ကျပ်မှ ၁၅၀ဝ ကျပ်လောက် ကုန်သည့်အပြင် ခွေးကိုဖမ်းရန် ပိုက်ကွန်များ၊ Vaccine များ အများကြီးလိုပါကြောင်း၊ တစ်နှစ်လျှင်တစ်ကြိမ်နှုန်းဖြင့် သုံးနှစ် လေးနှစ်လောက် ဆက်ထိုးမှသာ တစ်သက်လုံး ဒီခွေးက ပေါက်ဖွားမှုမရှိတော့ပါကြောင်း၊ လုပ်မည်ဆိုပါကလည်း Logistically က သိပ်မလွယ်ပါကြောင်း၊ တစ်ရက်တွင် ခွေးဖမ်းပြီး ဆေးထိုးမည်ဆိုပါက အကောင် ၁၀ဝ မှ ၂၀ဝ သာ ထိုးနိုင်မည်။ Team တစ်ခုတွင်လည်း လူငါးယောက်သာပါ ပါကြောင်း၊ ခွေးကဖမ်းရမည်။ ချုပ်ရမည်။ မေ့ဆေးပေးရမည်။ ဒါတွေ အကုန်လုပ်ရမည်ဖြစ်ပါကြောင်း။ အကယ်၍ Sterilization လုပ်သည့်အခါမှာ အထီးတစ်ကောင်ကို သင်းကွပ်မည်ဆိုလျှင် ၁၀ဝ၀ဝ ကျပ် ကုန်ပါကြောင်း။ တစ်ရက်ကို ခွေးကောင်ရေ ၄၀၊ ၅၀ သာ လုပ်နိုင်ပါကြောင်း။ ခွေးအမတစ်ကောင်ကို Sterilization လုပ်မည်ဆိုလျှင် ၃၀ဝ၀ဝ ကျပ် မှ ၄၀ဝ၀ဝ ကျပ်လိုပါကြောင်း။ ခွဲရသည့် အချိန်လည်းလိုသည့်အတွက် အကောင် ၃၀ လောက်သာ ရမည်ဖြစ်ပါကြောင်း။ ခွေးများကို ဆက်ပြီးကာကွယ်ဆေးထိန်းရန်ဆိုသည်မှ နည်းနည်းခက်ပါ ကြောင်း။ ဘတ်ဂျက်လည်း အရမ်းနည်းမည်ဖြစ်ပါကြောင်း။
သို့သော်ခွေး Population ၏ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးများ လုပ်ပေးမည်ဆိုပါက ခွေးရူးရောဂါ လျော့သွားမည်ဖြစ်ပါကြောင်း။ ဘတ်ဂျက်အများကြီးလိုမည့် Root Cause အဓိကအကြောင်းသည် ခွေး Population ကျသွားရန် အဓိကကျပါကြောင်း။ ၎င်းကိစ္စကို မိမိတို့ အားလုံး ဝိုင်းဝန်း စဉ်းစားရမည်ဖြစ်ပါကြောင်း။ သို့မှသာ မိမိ ခုနကပြောသည့် ၁၃ ဒသမ ၇၂ ဘီလီယံက သုံးဘီလီယံလောက်သာ သုံးရန်လိုပါကြောင်း။ ထိုသို့မဟုတ်ပါက ၁၃ ဘီလီယံကနေ ၂၀ ဘီလီယံ ဖြစ်သွားမည်ဆိုလျှင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး၏ ဘတ်ဂျက် တော်တော်များများ ဖဲ့ပေးလိုက်ရမည့် သဘောရှိပါကြောင်း။ ၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန် လိုမည် ထင်ပါကြောင်း။ မိမိတို့လည်းလုပ်မည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကလည်း လုပ်မည်။ INGO ၊ NGO များကလည်းလုပ်မည်။ သို့သော် ပြန်ပြီးတော့ ထိုင်ရန်လိုမည်ထင်ပါကြောင်း။ ဘယ်လိုလုပ်မည်။ လက်တွေ့ကျသော မဟာဗျူဟာ နည်းဗျူဟာနှင့် လုပ်ရမည်။ Theoretical လုပ်၍မရပါကြောင်း။ အဘက်ဘက်က ပါဝင်ရမည်။ လုပ်သည့်အခါ မိမိတို့၏ ASEAN Strategy မှာပါပါတယ်။ လူမှုယဉ်ကျေးမှုဆိုင်ရာ ထောက်တိုင်(Socio Cultural Pillar)၊ နည်းပညာဆိုင်ရာထောက်တိုင်(Technical Pillar)၊ အဖွဲ့အစည်းဆောင်ရွက်မှုဆိုင်ရာ(Organization Pillar)နှင့် အုပ်ချုပ်မှုစီမံခန့်ခွဲမှုဆိုင်ရာ (Political and Administrative Pillar)များ အားလုံးဝိုင်းဝန်းပြီး လုပ်ဆောင်မှသာလျှင် အောင်မြင်မည်ဖြစ်ပါကြောင်း။ သို့သော် နိဂုံးချုပ်အနေဖြင့် မိမိ တစ်ချက်ပြောချင်သည်မှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အနေဖြင့် မိမိတို့မဲဆန္ဒနယ်ကို ပြန်ရောက်သည့်အခါ မြို့နယ်မှာဖြစ်ဖြစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှာဖြစ်ဖြစ် ဒါကိုမည်သို့လုပ်မလဲ ဆိုသည်ကို ဝိုင်းဝန်းဆွေးနွေးအကြံပြုပါ။ လွှတ်တော်ကိုယ်စားလှယ်ကြီးများကပေးသည့် အကြံများကို မိမိတို့က Seriously သေသေချာချာလက်ခံစဉ်းစားပြီး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
MDN