မြိတ် မေ ၂
မြန်မာပင်လယ်ပြင်အတွင်း ယခုနှစ် ကင်းမွန်ရာသီ ပိတ်သိမ်းချိန်တွင် ဈေးကောင်းရရှိ၍ လုပ်ငန်းများအဆင်ပြေခဲ့ကြောင်း ကင်းမွန်လှေလုပ်ငန်းရှင်များထံမှ သိရသည်။
မြန်မာပြင်လယ်ပြင်တွင် ကင်းမွန်ဖမ်းဆီးခြင်းလုပ်ငန်းကို ဧပြီလကုန်တွင် ရာသီပိတ်သိမ်ခဲ့ကြောင်း သိရသည်။ ကင်းမွန်ဖမ်းဆီးခြင်းလုပ်ငန်းမှာ ပွင့်လင်းရာသီတွင်သာ လုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်ပြီး ပုံမှန်အားဖြင့် သီတင်းကျွတ်ကာလမှ သင်္ကြန်ကာလအတွင်းသာ လုပ်ကိုင်ရသည့် ရေလုပ်ငန်းလည်း ဖြစ်သည်။
“ရာသီအပိတ်မှာ ဈေးကောင်းရခဲ့ပါတယ်။ ကင်းမွန်အမျိုးအစား ၁, ၂, ၃ ဆိုဒ်တွေက (၁၀) ပိဿာဝင် ဗန်းတစ်ဗန်းကို ထားဝယ်ဒေသဘက်မှာ ကျပ် ၁၆၀၀၀၀ ထိ ရခဲ့ရပါတယ်။ မြိတ်ဘက်မှာတော့ တစ်ဗန်းကို ငွေကျပ် ၁၄၀၀၀၀ ထိ ဈေးပေးဝယ်တဲ့ဒိုင်တွေ ရှိခဲ့ပါတယ်။ ကင်းမွန်အထိအမိလည်းများတယ်။ ဒီနှစ်ရာသီအပိတ်မှာ လုပ်ငန်းတွေအတွက် အဆင်ပြေခဲ့ပါတယ်” ဟု မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းထွန်းက ပြောသည်။
ယခုနှစ်ငါးဖမ်းရာသီကို မတ်လကုန်တွင် ပိတ်သိမ်းခဲ့သော်လည်း ကင်းမွန်လှေအမျိုးအစားများကို ဧပြီလတစ်လတိုးမြှင့် ဖမ်းဆီးခွင့်ပြုခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“ဒီနှစ် ဆီဈေးကကြီးမြင့်နေလို့ ငါးဖမ်းလှေတွေရဲ့ အထွက်စရိတ်က အတော်ကုန်ကျခဲ့ပါတယ်။ ရာသီအပိတ်မှာ ဈေးကောင်းရခဲ့လို့ လုပ်ငန်းတွေ အဆင်ပြေခဲ့ပါတယ်။ လာမယ့်နှစ်မှာ ဆီဈေးတွေကျဖို့ကတော့ မျှော်လင့်ပါတယ်။ ယခုဆီဈေးနှုန်းနဲ့ဆိုရင်တော့ ငါးဖမ်းလှေတွေအတွက် အတော်လေးကို စွန့်စားရမယ့်အနေအထားကို ရောက်နေပါတယ်” ဟု ငါးဖမ်းလှေပိုင်ရှင်တစ်ဦးက ပြောသည်။
ကင်းမွန်ရာသီ ပိတ်သိမ်းပြီးဖြစ်သော်ကြောင့် ကင်းမွန်ဖမ်းဆီးသည့်လှေများ သက်ဆိုင်ရာ ဆိပ်ကမ်းအသီးသီးတို့တွင် ဝင်ရောက်ပြီး လှေပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း လိုင်စင်ရ ကင်းမွန်လှေကြီးအစီး (၃၀၀)ကျော်နှင့် ကင်းမွန်လှေငယ်အစီးရေ (၅၀၀)ခန့်ရှိကြောင်း သိရသည်။ မြန်မာ့ပင်လယ်ပြင်အတွင်းမှ ရရှိသည့် ကင်းမွန်များကို တရုတ်နှင့် ထိုင်းဈေးကွက်များမှ အဓိကမှာယူလျက်ရှိကြောင်း သိရသည်။
မြင့်ဦး(မြိတ်)