မန္တလေး ၂၁ ဖေဖော်ဝါရီ
မကြာမီ ကျင်းပတော့မည့် လမ်းလျှောက်သင်္ကြန်တွင် ရေစုပ်စက်၊ ရေပိုက်များဖြင့် ရေကစားခြင်း၊ အသံချဲ့စက်ဖြင့် သီချင်းများ ဆူညံစွာဖွင့်၍ ရေကစားခြင်းမျိုးကို ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
“လမ်းလျှောက်သင်္ကြန်မှာ ရေစုပ်စက်နဲ့ ရေပိုက်နဲ့ ရေကစားတာတွေကို တားမြစ်ပါမယ်။ သီချင်းတွေ အကျယ်ကြီး ဖွင့်ပြီးတော့ ရေကစားတာမျိုး၊ တီးဝိုင်းတွေ ထည့်တာမျိုး ဒါမျိုးတွေကို တားမြစ်မှာ ဖြစ်ပါတယ်။” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
ရေပိုက်များဖြင့် ရေကစားခြင်းနှင့် တီးဝိုင်းများ၊ သီချင်းများ ဆူဆူညံညံဖွင့်ကာ ပျော်ချင်ကြသူများ၊ ရေကစားချင်ကြသူများအတွက် ကျုံး၏အနောက်ဘက် ၈၀ လမ်းပေါ်တွင် ၁၂ လမ်းမှ ၂၂ လမ်းအတွင်း နေရာထားကာ ရေကစားနိုင်ရန် နေရာများချမှတ်ကာ စီစဉ်ပေးထားကြောင်း သိရသည်။
“လမ်းလျှောက်သင်္ကြန်ကို ကျုံးတောင်ဘက် ၂၆ လမ်း အာဇာနည်လမ်းပေါ်မှာ အရင်နှစ်တွေကလိုဘဲ လုပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် စလုပ်တဲ့နှစ်တုန်းက လမ်းလျှောက်သင်္ကြန်က နည်းနည်း အေးအေးချမ်းချမ်းနဲ့ ပျော်စရာကောင်းခဲ့ပေမယ့် နောက်နှစ်တွေမှာ လူတွေ ကြိတ်ကြိတ်တိုး ပြီးတော့မှ နည်းနည်းသွားရလာရ ရေကစားရတာ ပျော်စရာမကောင်းဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မိသားစုတစ်နိုင်တစ်ပိုင် ရေကစားချင်ကြသူများအတွက် ကျုံး၏ မြောက်ဘက်ခြမ်း ၁၂ လမ်းပေါ်တွင် ၇၃ လမ်းမှ လမ်း ၈၀ အတွင်း မိမိကိုယ်ပိုင် ရေစုပ်စက်များ၊ ပိုက်များဖြင့် ရေကစားနိုင်ရန် စီစဉ်ပေးထားကြောင်းနှင့် ကျုံးအရှေ့ဘက်ခြမ်းတွင် ၆၆ လမ်းပေါ်တွင် မဏ္ဍပ်များ နေရာချထားခြင်း မရှိကြောင်း သိရသည်။
“တီးဝိုင်းတွေ ဆူဆူညံညံတွေ သီချင်းတွေဖွင့်တာတွေ ရေပိုက်တွေနဲ့ ပက်တာတွေ အဲဒီလိုနဲ့ အရင်တုန်းက ကျုံးဘေးသင်္ကြန်ဆန်ဆန်တွေ ပြန်ဖြစ်လာတာ တွေ့ရပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီနှစ်လမ်းလျှောက် သင်္ကြန်ကိုတော့ စပြီးတော့ ၂၀၁၇ တုန်းက ပုံဖော်ခဲ့တဲ့ လမ်းလျှောက်သင်္ကြန်မျိုး လူတွေ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ပါးပါး ကစားနိုင်တဲ့ အစီစဉ်မျိုးဖြစ်အောင် ကျွန်တော်တို့ စီစဉ်နေပါတယ်။ ရေဖလားနဲ့ပဲ ရေကစားရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက စင်တွေလည်း မထိုးရပါဘူး။ သတ်မှတ်ထားတဲ့နေရာလေးမှာ ယဉ်ယဉ်ကျေးကျေး အေးအေးလူလူ ရေကစားဖို့အတွက် စီစဉ်ပေးမှာ ဖြစ်ပါတယ်။” ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။
ကျုံး၏အနောက်ဘက်ခြမ်း လမ်း ၈၀၊ ၂၂ လမ်းမှ ၂၅ လမ်းအတွင်း သင်္ကြန်လည်ရင်း ဗိုက်ဆာလျှင် စားနိုင်စေရန်အတွက် ဈေးတန်းတစ်ခုကို ကျုံး၏ပလက်ဖောင်းအတွင်းတွင် နေရာချထားပေးရန် စီစဉ်ထားကြောင်း၊ ယခင်တောသင်္ကြန်ဟု ဖော်ဆောင်ခဲ့စဉ်က ခရီးသွားလုပ်ငန်းနှင့် နိုင်ငံခြားသားများကို ဦးတည်ကာ ညပိုင်းတွင် ပိတ်ကားထောင် ရုပ်ရှင်၊ ရုပ်သေးနှင့် ဆင်ကများ ထည့်သွင်းခဲ့သော်လည်း ယခုနှစ်သင်္ကြန်တွင် စားသောက်ဆိုင်တန်းအဖြစ် ပိုမိုဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မုန့်ဆိုင်တန်းများအတွက် လျှောက်လွှာများကို ဧပြီလဆန်း (သင်္ကြန်နီးမှ) လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်(ပြန်ဆက်)


