၃   ဇူလိုင်

 

ယခုနှစ် လဝက်အတွင်း(ဇန်နဝါရီမှ ဇွန်လအထိ) လူကုန်ကူးမှု ၅၈ မှုဖြစ်ပွားပြီး လူကုန်ကူးခံရသူ ၉၀ ကျော်ရှိသည့် အနက် အမျိုးသမီးက​လေးငယ် ၁၆ ဦးပါဝင်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

အဆိုပါ လူကုန်ကူးမှုများမှာ ဇန်နဝါရီတွင် ၁၅ မှု၊ ဖေဖော်ဝါရီတွင် ၇ မှု၊ မတ်တွင် ၉ မှု၊ ဧပြီတွင် ၆ မှု၊ မေတွင် ၆ မှုနှင့် ဇွန်တွင် ၁၅ မှု ဖြစ်ပွားခဲ့သည်။

 

ယင်းအမှုများတွင် လူကုန်ကူးမှု တရားခံပေါင်း ၁၆၆ ဦး ဖမ်းဆီးရမိပြီး လူကုန်ကူးခံရသူပေါင်း ၉၃ ဦးရှိခဲ့သည်။

 

အဆိုပါ လူကုန်ကူးမှုများတွင် အဓမ္မလက်ထပ်မှု၊ အဓမ္မပြည့်တန်ဆာပြုမှုနှင့် အဓမ္မလုပ်အားစေခိုင်းမှုတို့ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်၊ မလေးရှားနှင့် ပြည်တွင်း၌ပင် လူကုန်ကူးခံရခြင်းဖြစ်ကာ အများစုမှာ တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်မှုဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

လက်ရှိ ငါးလအတွင်း လူကုန်ကူးမှု ၅၈ မှုအနက် တရုတ်နိုင်ငံတွင် အဓမ္မလက်ထပ်မှု အမှု ၄၀ ၊ ပြည်တွင်းတွင် အဓမ္မလက်ထပ်မှု တစ်မှု၊ ပြည်တွင်းတွင် အဓမ္မပြည့်တန်ဆာပြုမှု ၉ မှု၊ ပြည်တွင်းတွင် အဓမ္မလုပ်အားစေခိုင်းမှု ၆ မှု၊ မလေးရှားတွင် အဓမ္မလုပ်အားစေခိုင်းမှု တစ်မှုနှင့် တရုတ်တွင် အဓမ္မလုပ်အားစေခိုင်းမှု တစ်မှုတို့ဖြစ်သည်။

 

ထို့ပြင် လဝက်အတွင်း လူကုန်ကူးခံရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ၁၈ မှုစီဖြင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် ၆ မှုဖြင့် ဒုတိယအများဆုံးဖြစ်ကာ ကချင်ပြည်နယ်တွင် ၅ မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ မှု၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် ၂ မှုစီ၊ တနသာ်ရီတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် တစ်မှုစီဖြစ်ကြောင်း သိရသည်။

ငြိမ်းငြိမ်း