ရန်ကုန် ၅ ဇွန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလတွင် ဌာနစိုက်ခင်း ၊ပုဂ္ဂလိကစိုက်ခင်း နှင့် ပြည်သူလူထုသို့ အခမဲ့ဖြန့်ဝေသည့်ပျိုးပင် (၅) သိန်းအပါအဝင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အပူဒဏ် ကာကွယ်နိုင်ရေးအတွက် စုစုပေါင်းသစ်ပင် (၁၅) သိန်းကျော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုး က" ကျွန်တော်တို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၂၀၂၀ မိုးကာလ သစ်ပင်စိုက်ပျိုးဖို့အတွက် ပျိုးခင်း(၂၁)ဧကမှာ ကျွန်း ၊ ပျဉ်းကတိုး၊ ကုက္ကို၊ ရေတမာ ၊ မဲဇလီ ၊ မဟော်ဂနီ ၊ အရိပ်ရ သစ်မာပင်များနဲ့ ဝါးအပါအဝင် ပိတောက်၊ ကံ့ကော်၊ စိန်ပန်း၊ ငုဝါ အစရှိတဲ့ ပန်းအလှပင် အမျိုးပေါင်း ၂၃ မျိုး ၊ မုတ်သုံမိုးဝင်လာပြီး မြေသားစိုစွတ်တဲ့အချိန် ဇွန်ပထမ အပတ်လောက်ကအစ ရန်ကုန်မှာ မြို့နယ်အနှံ စတင်စိုက်ပျိုးနေပါတယ်၊ ကျွန်တော်တို့ ဦးစီးဌာနကနေ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဇွန်လ ၅ ရက် နေ့ရောက်တိုင်း အထိမ်းအမှတ်အဖြစ် နှစ်စဉ်စိုက်ပါတယ်၊ တစ်နှစ်တစ်နှစ်မှာ ရှင်သန်မှုက ( ၇၅ ) ရာခိုင်နှုန်း ရှိပါ တယ်”ဟုရှင်းလင်းပြောကြားသည်။
"အမှန်တကယ် စိုက်မဲ့နေရာ လိုအပ်တဲ့ အပင်အရေအတွက်ကို ထုတ်ယူနိုင်ပါတယ်။ စိုက်ပျိုးတဲ့ နည်းစနစ်ကိုလည်း ကျွန်တော်တို့ဌာနက သင်ကြားပေးပါတယ်၊ ယခင်နှစ်များလို ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဇွန် ၅ ရက်ကို သစ်ပင်စိုက်ပွဲ တော်တော့လုပ်ဖြစ်ပါဘူး။ ကိုဗစ် ကာလ လူစုလူဝေး မဖြစ်ဖို့အရေးကြီးပါတယ်။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလမှာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက လမ်းညွှန်မှုကိုတော့ လိုက်နာကြရမှာပါ ကျွန်တော်တို့ ဝန်ထမ်းတွေကိုလည်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လမ်းညွှန်မှာကြား ထားပြီးပါပြီ"ဟု ၎င်းက ထပ်လောင်းပြောသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-သစ်တော


