ပေါင် ဧပြီ ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဒေသထွက်ရာသီစာ မင်းကွတ်သီးများ ယခုနှစ် ပေါ်ဦးပေါ်ဖျားချိန်ကတည်းက စျေးကောင်းရရှိနေခြင်းကြောင့် ခြံပိုင်ရှင်များ အဆင်ပြေကြကြောင်း အရောင်းဒိုင်များထံမှ သိရသည်။

ယခုနှစ် မေလအစောပိုင်းကတည်းက စတင်ခူးဆွတ်ရောင်းချနေသည့် ပေါင်မြို့နယ်ထွက် အအေးဓာတ်စာ မင်းကွတ်သီးများမှာ စျေးကွက်အတွင်း ဝယ်ယူစားသုံးသူ များပြားနေခြင်းကြောင့် စတင်ခူးဆွတ်ချိန်မှ ယနေ့အထိ စျေးကောင်းရရှိနေဆဲဖြစ်ကြောင်း ပေါင်မြို့နယ်မှ မင်းကွတ်ရောင်းဝယ်ရေး ဒိုင်တစ်ဦးက ပြောသည်။

“ဒီနှစ် စခူးတဲ့အချိန်ကတည်းက စျေးကောင်းရတယ်၊ အခုချိန်ထိလို့ ပြောလို့ရတယ်၊ စျေးကွက်မှာလည်း အရောင်းအဝယ်ရှိတော့ ဒီဘက်ဒေသထွက် မင်းကွတ် ရသလောက်ပွဲရုံက ယူနေတယ်။ အခုက ရာသီဥတု အရမ်းပူတယ်လေ၊ မင်းကွတ်က အအေးဓာတ်စာဆိုတော့ ဝယ်စားကြတာလဲပါတယ်။ ဒီနှစ်က ခြံပိုင်ရှင်တွေအတွက် အဆင်ပြေတဲ့နှစ်လို့ပဲ ပြောရမယ်” ဟု ၎င်းက ပြောသည်။

ယခုနှစ် မင်းကွတ်သီးပေါ်ဦးပေါ်ဖျားချိန် အလုံးကြီးတစ်လုံးကို ငွေကျပ် ၇၀၀ ဝန်းကျင်ခန့်နှင့် ပုံမှန်အလုံးတစ်လုံး ကျပ် ၅၀၀ ခန့် စျေးကွက်အတွင်း ပေါက်စျေးရှိခဲ့ပြီး လက်ရှိစျေးမှာ ကျပ် ၁၀၀ ဝန်းကျင်ခန့်သာ လျော့ကျသွားကြောင်း ၎င်းက ဆက်ပြောသည်။

ရာသီစာမင်းကွတ်ကို မွန်ပြည်နယ်ရှိ မြို့နယ်အများစုတွင် စိုက်ပျိုးကြပြီး ထွက်ရှိသော မင်းကွတ်သီးများကို ဒေသတွင်း စားသုံးရောင်းချမှုများအပြင် အလုံး (၁၅၀)ပါ ပလတ်စတစ်ကဒ်ဖာခြင်းများဖြင့် ထုတ်ပိုးကာ ရန်ကုန်ပွဲရုံနှင့် မန္တလေးတို့ကို အဓိကတင်ပို့ရောင်းချကြောင်း အရောင်းဒိုင်များမှ သိရသည်။

ဒေသထွက် မင်းကွတ်သီးကို တောင်ပေါ်သီးနှင့် ရွာသီးဟု ဒေသအတွင်း ခွဲခြားထားပြီး တောင်ပေါ်သီးမှာ ရွာသီးထက် အလုံးပိုကြီးသော်လည်း အခွံထူကာ အချဉ်ဓါတ် နည်းနည်းဖောက်ပြီး ရွာသီးမှာ အခွံပါးကာ ပိုချိုပြီး စျေးနှုန်းအတူတူပင်ဖြစ်ကြောင်း မင်းကွတ်ခြံပိုင်ရှင်များထံမှ သိရသည်။

ယခုလို ပူပြင်းတဲ့ကာလမှာ အပူဓါတ်ကိုသက်ရောက်စေသည့် ဒူးရင်းသီးကိုစားသုံးပါက ဆန့်ကျင်ဘက် အအေးဓါတ်စာ မင်းကွတ်သီးနှင့် တွဲဖက်စားသုံးသင့်တယ်လို့ ခြံပိုင်ရှင်များမှ အကြံပြုပြောဆိုခဲ့သည်။

တင်ဇာစိုး(ပြန်/ဆက်)