ဟနွိုင်း ၂၉ ဇွန်
ယခုနှစ် ပထမ ခြောက်လအတွင်း ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း ပို့ကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၁၂၂ ဒသမ ၇ ဘီလီယံကျော်ရှိပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၇ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယင်းကာလအတွင်း စုစုပေါင်း သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၁၂၂ ဒသမ ၈ ဘီလီယံ ဒေါ်လာနီးပါးရှိပြီး ယခင်နှစ် အလားတူကာလထက် ၁၀ ဒသမ ၅ ရာခိုင်နှုန်း တိုးတက် သည်ဟု အထွေထွေစာရင်းအင်းဌာနက ယနေ့ ပြောကြားသည်။
ဗီယက်နမ်နိုင်ငံ၏ ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ တင်ပို့ မှုသည် လေးရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၅ ဘီလီယံရရှိခဲ့သည်။ လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့မှုသည် ၁၄ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံ ရရှိခဲ့သည်။ အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုတွင် ၉ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရရှိသည်။ ဖိနပ်တင်ပို့မှုသည် ၁၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံ ရရှိခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း အမေရိကန် နိုင်ငံသည် ဗီယက်နမ်နိုင်ငံသို့ အများဆုံး ကုန်ပစ္စည်း တင်သွင်းသူအဖြစ်ဆက်လက်ရပ်တည်ခဲ့ပြီး သွင်းကုန် ပမာဏစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၅ ဘီလီယံရှိသည်။ ဥရောပသမဂ္ဂမှ ဗီယက်နမ် နိုင်ငံသို့ သွင်းကုန်ပမာဏသည် ၂၀ ဒသမ ၆ ဘီလီယံ ဒေါ်လာရှိပြီး တရုတ်နိုင်ငံ၏ ဗီယက်နမ်သို့ သွင်းကုန် ပမာဏသည် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၈ ဘီလီယံ ရှိသည်ဟု အဆိုပါရုံးက ပြောကြားသည်။
အလားတူကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်အသုံးအဆောင်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း မှုသည် ၂၀ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၃ ဘီလီယံ သုံးစွဲခဲ့သည်။ စက်၊ စက် ပစ္စည်းကိရိယာနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှုသည် ၁၄ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၉ ဘီလီယံ သုံးစွဲခဲ့သည်။ အဝတ်အထည် တင်သွင်းမှုသည် ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ရာခိုင်နှုန်း သုံးစွဲခဲ့သည်။ သံနှင့်သံမဏိတင်သွင်းမှုသည် သုည ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၅ ဘီလီယံ သုံးစွဲခဲ့သည်။
အဆိုပါကာလအတွင်း တရုတ်နိုင်ငံသည် ဗီယက်နမ် နိုင်ငံက အများဆုံး ပို့ကုန်တင်ပို့သည့်နိုင်ငံဖြစ်ပြီး စုစု ပေါင်း ပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၈ ဘီလီယံ ရှိသဖြင့် ၂၁ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ တောင်ကိုရီးယားနိုင်ငံ သို့ စုစုပေါင်းပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး တစ်ရာခိုင်နှုန်း တိုးတက်ခဲ့ သည်။ အရှေ့တောင်အာရှနိုင်ငံများသို့ ဗီယက်နမ်နိုင်ငံ၏ စုစု ပေါင်းပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃ ဘီလီယံရှိခဲ့ပြီး ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက် ခဲ့သည်ဟု အဆိုပါရုံးမှ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်- အောင်ဇော်လင်း