ကျော်ထိုက်စိုး

တရုတ်နိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း ဗီယက်နမ်နိုင်ငံ၌ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံခဲ့မှုကြောင့် တရုတ်နိုင်ငံမှာ ဗီယက်နမ်နိုင်ငံ၌ ပြည်ပရင်းနှီးမြှုပ်နှံမှု စတုတ္ထအများဆုံး ပြုလုပ်သည့် နိုင်ငံဖြစ်လာကြောင်း ဗီယက်နမ်စီမံကိန်း နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အောက်ရှိ ပြည်ပရင်းနှီး မြှုပ်နှံမှုအေဂျင်စီ၏ဖော်ပြချက်အရ သိရသည်။ အဆိုပါ ကာလအတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများက တာယာ ထုတ်လုပ်ရေးစက်ရုံနှစ်ရုံအပါအဝင် မြောက်မြားလှစွာသော စီမံကိန်းကြီးများကို ငွေကြေးပံ့ပိုးခဲ့သည်။

ပထမတာယာထုတ်လုပ်ရေးစက်ရုံကို ဗီယက်နမ်နိုင်ငံတောင်ပိုင်း တေနင်ပြည်နယ်၌ စုစုပေါင်းရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း၂၈၀ ဖြင့် တည်ဆောက်မည်ဖြစ်ပြီး နိုင်ငံတောင်ပိုင်းရှိ တီဂီအန်ပြည်နယ်တွင်  Advance Tire (Vietnam) Co.,Ltd.  ၏ အလားတူစက်ရုံမျိုးကို အရင်းအနှီး အမေရိကန်ဒေါ်လာ ၂၁၄ ဒသမ ၄ သန်း သုံးစွဲ၍ တည်ဆောက်မည်ဖြစ်သည်။ ဗီယက်နမ်နှင့် တရုတ်ကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးမှာ တိုးတက်ကောင်းမွန်နေပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ မြင့်တက်လျက်ရှိကာ ဗီယက်နမ်နိုင်ငံမှာ တရုတ်လုပ်ငန်းများအတွက် ဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံမှုနေရာ တစ်ခုအဖြစ် လျင်လျင်မြန်မြန် ပြောင်းလဲလျက်ရှိသည်။ ယခုအခါ တရုတ်နိုင်ငံမှာ အမေရိကန် ပြည်ထောင်စုပြီးလျှင် ဗီယက်နမ်နိုင်ငံ၏ ဒုတိယမြောက်အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံမှာလည်း အာဆီယံဒေသတွင် တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ဗီယက်နမ်နိုင်ငံ၏ အဋ္ဌမမြောက်အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ ဗီယက်နမ်နိုင်ငံမှာ တရုတ်နိုင်ငံ၏ ပဥမမြောက်အကြီးမားဆုံး ပို့ကုန်ဈေးကွက်နှင့် နဝမမြောက်အကြီးမားဆုံး သွင်းကုန်ဈေးကွက်ဖြစ်ကြောင်း ဗီယက်နမ်မီဒီယာ တစ်ခု၏ဖော်ပြချက်အရ သိရသည်။

တရုတ်နိုင်ငံမှာ၂၀ဝ၄ ခုနှစ်နောက်ပိုင်း ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ဆက်လက်မြင့်တက်လျက်ရှိသည်။ ဗီယက်နမ်-တရုတ် ကုန်သွယ်မှု ပမာဏမှာ ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀၆ ဒသမ ၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး၂၀၁၇ ခုနှစ်နှင့်နှိုင်းယှဉ်လျှင်၁၃ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။ ဗီယက်နမ်နိုင်ငံက တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၂၆ ဘီလီယံတန်ကြေးရှိ ကုန်ပစ္စည်း များတင်ပို့ခဲ့ကာ ၁၆ ဒသမ ၅၆ ရာခိုင်နှုန်းများပြားလာခဲ့ပြီး တရုတ်နိုင်ငံမှ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၄၃ ဘီလီယံရှိခဲ့ပြီး ၁၁ ဒသမ ၆၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ တရုတ်ဈေးကွက်သို့တင်ပို့သည့် ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်ပို့ကုန် ပမာဏမှာ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံမှ၂၀၁၈ ခုနှစ်တွင် ၄ ဒသမ ၁ ဘီလီယံအထိ ၂၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ်အထည်အလိပ်အုပ်စု (Vinatex) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Cao HuHiếu က ပြောကြားသည်။ ချည်ခင်များမှာ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ရသည့် ဗီယက်နမ်ပို့ကုန်ဖြစ်ပြီး အထည်အလိပ်များအားလုံးတင်ပို့မှု၏ ၄၈ ရာ ခိုင်နှုန်းရှိသည်။

သို့သော်လည်း အထည်အလိပ်လုပ်ငန်းများ အပါအဝင် ဗီယက်နမ်ကုမ္ပဏီ အများစုမှာ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်း များတင်ပို့ရန် ကြိုးပမ်းရာတွင် အခက်အခဲများကြုံတွေ့ရကြောင်း Cao က ပြောကြားသည်။ အဘယ်ကြောင့်ဆိုသော် ဗီယက်နမ်ကုမ္ပဏီများ၏ ထုတ်လုပ်မှုအရွယ်အစားမှာ သေးငယ်ပြီး ကုမ္ပဏီအများစုက စားသုံးမှုအလေ့အထများ၊ ဈေးကွက်အချက်အလက်များ (သို့မဟုတ်) အရည်အသွေး စံသတ်မှတ်ချက်များနှင့် တရုတ်နိုင်ငံ၏ ပိုးမွှားကင်းစင်မှု စမ်းသပ်ချက်များကို တက်တက်ကြွကြွ စူးစမ်းလေ့လာခြင်းမရှိကြောင်း ၎င်းက ပြောသည်။ ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ အာရှ-အာဖရိက ဈေးကွက်များဦးစီးဌာန အကြီးအကဲ လီဟွမ်အန်က နှစ်နိုင်ငံစလုံး၏ နယ်စပ်အခြေခံ အဆောက်အဦများမှာ နှစ်နိုင်ငံကြား ကုန်စည်ဖလှယ်ရာတွင် အလျင်အမြန် ကြီးထွားလာသော လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိဟုပြောသည်။ တရုတ်နိုင်ငံမှာ ဗီယက်နမ်စိုက်ပျိုးရေးနှင့် ရေထွက်ကုန်များအတွက် အဓိကပို့ကုန်ဈေးကွက်ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံသို့တင်ပို့ရန် ခွင့်ပြုထားသည့် ဗီယက်နမ်စိုက်ပျိုးရေးနှင့်ရေထွက်ပစ္စည်းများမှာ များများစားစားမရှိဟု ၎င်းက ဆိုသည်။ ကုန်ပစ္စည်း အမည်သစ်များအတွက် ဈေးကွက်ဖွင့်လှစ်ရေးနှင့်ပတ်သက်သော စေ့စပ်ညှိနှိုင်းမှုများမှာ တိုးတက်မှု နှေးကွေးနေဆဲဖြစ်ကြောင်း အန်က ဆက်လက်ပြောကြားသည်။

ဗီယက်နမ်ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံ၌ ကုန်ပစ္စည်းများ ရောင်းချရာတွင် လိုအပ်သော အရည်အသွေးစံနှုန်းများကို လိုက်နာကာ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုကို အဆင့်အတန်းမီမီ ထုတ်လုပ်ရန်လိုအပ်ကြောင်း ၎င်းက ထောက်ပြသည်။

တရုတ်ဈေးကွက်အတွင်း ကုန်ပစ္စည်းတင်ပို့မှုမြှင့်တင်ဖို့ ဗီယက်နမ်ကုမ္ပဏီတွေအနေနဲ့ တရုတ်နိုင်ငံကို အရေးပါတဲ့ ဈေးကွက်တစ်ခုအဖြစ် အသိအမှတ်ပြုဖို့လိုအပ်ပြီး ထိုးဖောက်ဝင်ရောက်ဖို့ လွယ်ကူတဲ့ ဈေးကွက်တစ်ခုအဖြစ် မယူဆသင့်ပါဘူး ဟု ၎င်းက ပြောသည်။ အရေးပါသောကုန်ပစ္စည်းများ၊ အရေးပါသောဈေးကွက်များ စိစစ်တွက်ချက်ရာ တွင် ဗီယက်နမ်လုပ်ငန်းများက တရုတ်နိုင်ငံရှိ ဈေးကွက်ဝယ်လိုအားကို သိရှိနားလည်ရန်လိုအပ်သည်ဟု ၎င်းကဆိုသည်။ ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်တင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကျော်ရှိခဲ့ပြီး ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံအထိ ရောက်ရှိမည်ဟု မျှော်မှန်းကြောင်း ဗီယက်နမ် အထည်အလိပ်နှင့် အဝတ်အထည်အသင်း (VITAS) က ပြောကြားသည်။ ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းအတွင်းရှိ ကုမ္ပဏီ ၇၀ဝဝ ခန့်က အလုပ်အကိုင်နေရာပေါင်း သုံးသန်းခန့် ဖန်တီးပေးကြောင်း ဗီယက်နမ်အထည်အလိပ်နှင့် အဝတ်အထည်အသင်း (VITAS) ဥက္ကဋ္ဌ Vu Duc Giang က မကြာသေးမီအချိန်အတွင်းက ပြောကြားခဲ့သည်။

ဗီယက်နမ်အထည်အလိပ်လုပ်ငန်းမှာ ၂၀၁၀ ပြည့်နှစ်တွင် ၁၂ ရာခိုင်နှုန်းမှ ၂၀၁၈ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များကြောင့် အကျိုးအမြတ်များ၊ ဈေးကွက်ကွာဟချက်၊ အားသာချက်များရယူရန် တရုတ်အထည်အလိပ် ကုမ္ပဏီများက ဗီယက်နမ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာကြောင်း ဗီယက်နမ်မီဒီယာများက ဖော်ပြသည်။ ဗီယက်နမ်အထည်အလိပ်လုပ်ငန်းသည် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံ၊ တောင်ကိုရီးယားနိုင်ငံမှ ၂ ဒသမ ၁ ဘီလီယံ၊ တရုတ်(တိုင်ပေ)မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံနှင့်ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ရင်းနှီးမြှုပ်နှံမှုများရရှိမည်ဟု မျှော်လင့်ရသည်။

ကိုးကား--Viet Nam News China invests $1.6 bn in Vietnam in 1st 4 months of 2019