အူလန်ဘာတာ ဇွန် ၁၆

 

မွန်ဂိုလီးယားနိုင်ငံသည် ယခုနှစ် ပထမငါးလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် စုစုပေါင်း ၄၂၀၆၀ လာရောက် လည်ပတ်ကြောင်း၊ ပြီးခဲ့သည့်နှစ်က အလားတူ ကာလကထက် ၃၉၁ ဒသမ ၇ ရာခိုင်နှုန်း တိုးလာကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဇွန် ၁၅ ရက်က ပြောသည်။

 

ထိုကဲ့သို့ နိုင်ငံခြားခရီးသွားဧည့်သည်များ လျင်မြန်စွာတိုးလာခြင်းသည် မွန်ဂိုလီးယားနိုင်ငံအနေဖြင့် ၎င်း၏ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပေးခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ။

 

ဇန်နဝါရီနှင့် ဖေဖော်ဝါရီလကြားတွင် မွန်ဂိုလီးယားနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြား ခရီးသွားဧည့်သည် များတွင် ရုရှားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ အများဆုံးဖြစ်သည်။ လက်ရှိတွင် မွန်ဂိုလီးယားနိုင်ငံ၏ စီးပွားရေးသည် ပို့ကုန်ဦးတည်သော သတ္တုတူးဖော်ရေးကဏ္ဍတွင် အများဆုံးမှီခိုနေရကြောင်း၊ သို့သော်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသောကြောင့် နိုင်ငံ၏စီးပွားရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြု လျက်ရှိကြောင်း သိရသည်။

 

မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည်တစ်သန်းခန့် လာရောက်လည်ပတ်ရန်နှင့် နိုင်ငံခြားခရီးသွားများထံမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ ထို့အပြင် မွန်ဂိုလီးယားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့် ခရီးသွား ကဏ္ဍကို မြှင့်တင်ရန်အတွက် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကို မွန်ဂိုလီးယားခရီးသွားနှစ်အဖြစ် သတ်မှတ်ထားသည်။

 

ခရီးသွားကဏ္ဍမြှင့်တင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၄ ခုနှစ်ကုန်အထိ တောင်ကိုရီးယားခရီးသွားများကို မွန်ဂိုလီးယားနိုင်ငံသို့ ရက် ၉၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် လာရောက်လည်ပတ်နိုင်ကြောင်း မွန်ဂိုလီးယားအစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ