စစ်ကိုင်း ၂၃ မတ်
ယခုနှစ် မြန်မာရိုးရာအတာသင်္ကြန်ပွဲတော်တွင် စစ်ကိုင်းမြို့၌ ယခင်နှစ်များနည်းတူ ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်စည်ပင် သာယာရေးကော်မတီက သိရသည်။
ယခုနှစ် သင်္ကြန်ပွဲတော်တွင် စစ်ကိုင်းမြို့၌ ပထမအကြိမ် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပရန် စီစဉ်ခဲ့သော်လည်း ထိုလမ်းလျှောက်သင်္ကြန်ကို ကျင်းပတော့မည်မဟုတ်ဘဲ ယခင်နှစ်များနည်းတူ ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် စည်းကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။
''အစကတော့ လမ်းလျှောက်သင်္ကြန်ဆိုပြီး ဆွေးနွေးခဲ့ကြတာပေါ့ ခုကျတော့ လမ်းလျှောက်သင်္ကြန် မဟုတ်တော့ဘဲနဲ့ ပြီးခဲ့တဲ့နှစ်ကအတိုင်း ဖျော်ဖြေရေးမဏ္ဍပ်ကြီးတွေနဲ့ပဲ စည်စည်ကားကားပြန်ပြီးတော့ ကျင်းပဖို့ ဒီနေ့အစည်းအဝေးမှာပဲ ဆုံးဖြတ်ချက်ချတာပေါ့၊ ယိမ်းအကပြိုင်ပွဲ ပါတယ်။ ဖျော်ဖြေရေးတွေလည်း ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖျော်ဖြေရေးမဏ္ဍပ်က ငါးခု ပေါ့ ဒီနှစ်က မဏ္ဍပ်လေးခုပါ၊ တစ်ခုက လုပ်ငန်းရှင်တစ်ဦးက နိုင်ငံခြားခရီးစဉ် ရောက်နေတော့ သူကမလုပ်နိုင်တော့ဘူး။ အဲမဏ္ဍပ်လေးခုနဲ့ စစ်ကိုင်းကမ်းနားလမ်းမှာ ပြီးခဲ့တဲ့နှစ်ကအတိုင်း စည်းကားစွာ ကျင်းပသွားမယ် ''ဟု ၎င်းကပြောသည်။
ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စစ်ကိုင်းမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က စစ်ကိုင်ခရိုင် စီမံခန့်ခွဲမှု ကော်မတီရုံးတွင် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စစ်ကိုင်းမြို့မိ၊ မြို့ဖ အဖွဲ့ ၊ စစ်ကိုင်းမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအသင်း စသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ အစည်းအဝေးတရပ်ကျင်းပပြုလုပ်ခဲ့ပြီး ယခင်နှစ်များနည်းတူ ပြန်လည်ကျင်းပရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် စစ်ကိုင်းမြို့ပေါ် ရပ်ကွက် ၂၃ ရပ်ကွက်မှလည်း ယခင်နှစ်များနည်းတူ ရေကစားမဏ္ဍပ်များ ပြုလုပ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် စစ်ကိုင်းမြို့၌ စစ်ကိုင်းခရိုင် ဗဟိုဖျော်ဖြေ ရေး ရေကစားမဏ္ဍပ် နှင့် ပုဂ္ဂလိကဖျော်ဖြေရေး ရေကစားမဏ္ဍပ်များ အပါအဝင် မြို့ပေါ်ရပ်ကွက် ရေကစားမဏ္ဍပ်များ စုစုပေါင်း ရေကစားမဏ္ဍပ် ၂၇ ခုထိ ရှိလာမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်တွင် စစ်ကိုင်းမြို့ကမ်းနားလမ်း၌ ဗဟိုမဏ္ဍပ်၊ ဟိုတယ်နှင့်စက်သုံးဆီ လုပ်ငန်းရှင်များမဏ္ဍပ်၊စက်မှုဇုန်မဏ္ဍပ်၊ River View မဏ္ဍပ်၊ Smart Maritime မဏ္ဍပ် စသည့်ဖျော်ဖြေရေးရေကစားမဏ္ဍပ်များနှင့် စစ်ကိုင်းမြို့မ ၂၃ ရပ်ကွက်တွင်တစ်ရပ်ကွက်လျှင် ရေကစားမဏ္ဍပ်တစ်ခုတည်ဆောက်ကာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)


