မန္တလေး ၂ မတ်
၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ မန္တလေးတိုင်းဒေသကြီးအနေဖြင့် စာစစ်ဌာန(၂၀၃) ခု စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ တစ်သိန်းနှစ်သောင်းသုံးထောင်ခြောက်ရာ ရှစ်ဆယ့်တစ်(၁၂၃၆၈၁) ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး စာရင်းများအရ သိရသည်။
‘’မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ် မှာ စာစစ်ဌာန(၂၀၃) ခုရှိပါတယ်၊ ဖြေဆိုရန်စာရင်း ပေးသွင်းထားသူကတော့ (၁၂၃၆၈၁)ဦးပါ၊ ပြီးခဲ့တဲ့နှစ်ကထက် စာစစ်ဌာန(၁၁)ခု ပိုလာပြီး ဖြေဆိုရန်စာရင်းပေးသွင်းသူ ခုနှစ်ထောင်နီးပါး ပိုလာပါတယ်၊အကျဉ်းထောင်စာစစ်ဌာန၊ ဆေးရုံစာစစ်ဌာနတွေလည်းပါတယ်၊ လူတိုင်းအကျုံးဝင်ပညာရေးဖြစ်တဲ့အတွက် အမြင်အာရုံချို့တဲ့၊ အကြားအာရုံချို့တဲ့၊ ကိုယ်လက်အင်္ဂါချို့တဲ့ တဲ့ ကလေးတွေလည်း ပါဝင်ဖြေဆိုကြမှာပါ၊ မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်စာမေးပွဲဆိုတာ အဆင့်မြင့်ပညာရေးကို ပြောင်းလဲသင်ဖို့ ဝင်ပေါက်တစ်ခုဖြစ်တဲ့အတွက် ကလေးတိုင်းကျန်းမာရေးကိုဂရုစိုက်ပြီး ကြိုးစားရိုးသားစွာ ဖြေဆိုကြပါ၊ ဖြေဆိုမှုတွေဟာ ရည်ရွယ်ချက်အတိုင်း အားလုံးအောင်မြင်ပါစေလို့လည်း ဆုတောင်းပေးပါတယ် ‘’ ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်တင်ထားကြတဲ့ တိုင်းဒေသကြီး/ပြည်နယ်စာစစ်ဌာနအသီးသီးမှာ ဖြေဆိုကြမယ့် ကျောင်းသား/ကျောင်းသူများအတွက် ဝင်ခွင့်ကတ်များကို သက်ဆိုင်ရာ စာစစ်ဌာနတွေမှာ ဖေဖော်ဝါရီ ၁၅ ရက် မှ စတင်၍ ထုတ်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန်စာရင်းပေးသွင်းသူဦးရေ (၁၁၆၈၁၉) ဦး ရှိခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူဦးရေ (၁၂၃၆၈၁) ဦး ရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ် မတ်လမှာ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲများကို ဘာသာရပ်အလိုက် နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီ အထိ ဖြေဆိုကြရမည်ဖြစ်ရာ မတ်လ (၆) ရက်နေ့ မှာ မြန်မာစာ၊ မတ်လ(၇) ရက်နေ့မှာ အင်္ဂလိပ်စာ၊ မတ်လ(၈)ရက်နေ့မှာ သင်္ချာ၊ မတ်လ(၉)ရက်နေ့ မှာ စိတ်ကြိုက်မြန်မာစာ၊ မတ်လ(၁၁)ရက်နေ့မှာ ဓာတုဗေဒ၊မတ်လ(၁၂) ရက်နေ့မှာ ရူပဗေဒ၊မတ်လ(၁၃)ရက်နေ့ မှာ ဇီဝဗေဒ/ဘောဂဗေဒ၊ မတ်လ(၁၄)ရက်နေ့မှာ ပထဝီဝင်၊ မတ်လ(၁၅)ရက်နေ့မှာ သမိုင်းဘာသာရပ် အသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဌာ မှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)