ယခုနှစ်အတွင်း အာဆီယံအဆင့် ဘောလုံးပြိုင်ပွဲ ကိုးခုပြုလုပ်ရန် စီစဉ်ထား

ရန်ကုန်  မေ  ၁၂

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ပြိုင်ပွဲကိုးခုပြုလုပ်ရန် စီစဉ်ထားပြီး ပြိုင်ပွဲကျင်းပမည့် ကာလများကို နှစ်လယ်ပိုင်းတွင် ပြန်လည်အတည်ပြုမည်ဖြစ်သည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်ဝက်နောက်ပိုင်းမှ ပြိုင်ပွဲများ ကျင်းပရန် စီစဉ်ထားသော်လည်း ရောဂါကူးစက်မှုများရှိနေသဖြင့် ဇွန်လတွင် ပြုလုပ်မည့် ပြိုင်ပွဲ ကျင်းပရေးကော်မတီတွင် ပြန်လည်အတည်ပြုမည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ် အတွင်း လူငယ်ဘောလုံးပြိုင်ပွဲလေးခု၊ လက်ရွေးစင်အဆင့်ပြိုင်ပွဲနှစ်ခု၊ ဖူဆယ်ပြိုင်ပွဲနှစ်ခုနှင့် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲတစ်ခု ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

ဇူလိုင်၁၂ရက်မှ ၁၅ ရက်အထိအာဆီယံယူ-၁၉ အမျိုးသားပြိုင်ပွဲ၊ ဩဂုတ် ၂ ရက်မှ ၁၅ ရက်အထိ အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ၊ ဩဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၅ ရက်အထိ အာဆီယံ ယူ-၁၆ အမျိုးသားပြိုင်ပွဲ၊ နိုဝင်ဘာ ၁၆ ရက်မှ ၂၈ ရက်အထိ အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲ၊ အာဆီယံသဲသောင်ပြင်ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပရန် ရက်သတ်မှတ် ထားပြီး အာဆီယံအမျိုးသမီးဘော လုံးပြိုင်ပွဲကို သြဂုတ်လနှင့် စက်တင်ဘာလ၊ အာဆီယံ ဖူဆယ် ပြိုင်ပွဲကို နိုဝင်ဘာလတွင် ကျင်းပရန် သတ်မှတ်ထားသည်။

အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲကို ကျင်းပမည့်ကာလ သတ်မှတ်ထားခြင်းမရှိသေးဘဲအာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲများအနက်လူငယ်ပြိုင်ပွဲလေးခုကို အင်ဒိုနီးရှားနိုင်ငံ၊ အာဆီယံအမျိုးသမီးပြိုင်ပွဲကို ဖိလစ်ပိုင် နိုင်ငံ၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲကိုမူ အိမ်ရှင်နိုင်ငံ ရွေးချယ်ခြင်းမရှိဘဲ အိမ်ကွင်း၊ အဝေးကွင်း ပုံစံဖြင့် ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းများသည် ယခုနှစ်အတွင်း ကျင်းပမည့် ပြိုင်ပွဲများအနက် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲမှ လွဲ၍ ကျန်ပြိုင်ပွဲ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့် ကာလ အတည်ပြုပြီး မှသာ လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။ အာဆီယံဒေသတွင်း၏ အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ဆူဇူကီးဖလားပြိုင်ပွဲကို ပြီးခဲ့သည့်နှစ်တွင် ကျင်းပရမည်ဖြစ်သော်လည်း ကပ်ရောဂါကြောင့် ယခုနှစ်တွင် ပြောင်းလဲကျင်းပမည်ဖြစ်သည်။

ကပ်ရောဂါကြောင့် ပြီးခဲ့သည့်နှစ်တွင် အာဆီယံအဆင့် ပြိုင်ပွဲအားလုံး ဖျက်သိမ်းခဲ့ရပြီး မြန်မာ ဘောလုံးနှင့် ဖူဆယ်အသင်းများမှာလည်း တစ်နှစ်ကျော်ကြာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရခြင်းမရှိသေးကြောင်း သိရသည်။

ကိုညီလေး