ရန်ကုန် ၈ မေ

 

မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ပြိုင်ပွဲများ ထပ်မံထိုးသတ်ခွင့်ရရန်ဆန္ဒရှိနေကြောင်း ONE Championship နှင့် တွေ့ဆုံမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

အောင်လအန်ဆန်သည် ဧပြီ ၂၉ ရက်က ဒီရစ်ဒါနှင့်ထိုးသတ်ခဲ့သည့် လိုက်ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအပြီးတွင် လိုက်ဟဲဗီးဝိတ်တန်းပွဲစဉ်များ မထိုးသတ်တော့ဘဲ မစ်ဒယ်ဝိတ်တန်းပွဲ များကိုသာ ဦးစားပေးထိုးသတ်သွားမည် ဖြစ်ကြောင်း ပြောကြားထားသဖြင့် ယခု နှစ်အတွင်း ပြိုင်ပွဲများထိုးသတ်ခွင့်ရပါက မစ်ဒယ်ဝိတ်တန်းပွဲများသာ ထိုးသတ်ရဖွယ်ရှိနေသည်။

 

အောင်လအန်ဆန်သည် ဒီရစ်ဒါနှင့်ပွဲအပြီးတွင် ရက်ပိုင်းသာနားကာ လေ့ကျင့်မှုပြန်လည်ပြုလုပ်လျက် ရှိပြီး ယခင်ကထက် စွမ်းဆောင်ရည်ပိုကောင်းရန်နှင့် လိုအပ်ချက်၊ အားနည်းချက်များကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ONE Championship က စီစဉ်ပေးပါက ယခုနှစ်အတွင်း နှစ်ပွဲမှ သုံးပွဲအထိ ထပ်မံထိုးသတ်ရန် ဆန္ဒရှိကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အောင်လအန်ဆန်သည် ပြီးခဲ့သည့်နှစ် တွင် တစ်ပွဲသာထိုးသတ်ခဲ့ရပြီး ယခုနှစ်တွင်လည်း တစ်ပွဲသာထိုးသတ်ရသေး သည်။ အောင်လအန်ဆန်သည် ဧပြီလကုန်ပိုင်းမှ ပြိုင်ပွဲထိုးသတ်ရသေးသဖြင့် ယခုနှစ်အတွင်း ထပ်မံထိုးသတ်ရပါက နှစ်ဝက်နောက်ပိုင်းမှသာ ထိုးသတ်ရ ဖွယ်ရှိနေသည်။

 

အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုကို ၂၀၁၇ ခုနှစ် ဇွန်လတွင် ဘစ်ဒက်ရှ်ကို အနိုင်ရကာ ရယူနိုင်ခဲ့ပြီး ချန်ပီယံသက်တမ်း သုံးနှစ်ကျော်ကြာမြင့်ခဲ့သည်။ အောင်လအန်ဆန်သည် ချန်ပီယံ ကာကွယ်ပွဲလေးပွဲ ထိုးသတ်ခဲ့ပြီး ပထမသုံးပွဲတွင် အနိုင်ရခဲ့သော်လည်း စတုတ္ထမြောက်ပွဲမှ အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။

 

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား ပြန်လည်စိန်ခေါ်နိုင်ရန် ပွဲများထပ်မံ ထိုးသတ်လိုနေခြင်းဖြစ်ပြီး လက်ရှိချန်ပီယံ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါ အား စိန်ခေါ်နိုင်ရန် စိန်ခေါ်ပွဲများ စတင်ထိုးသတ်ရဖွယ်ရှိနေသည်။ အောင်လ အန်ဆန်သည် စိန်ခေါ်ပွဲများအဖြစ် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်၊ ဘရာဇီးနိုင်ငံသား လီအန်ဒရိုတို့နှင့် စတင်ထိုးသတ်ရဖွယ်ရှိနေသည်။

 

သတင်း-ကိုညီလေး

 

ဓာတ်ပုံ-ONE Championship