ယခုနှစ်ကုန်ပိုင်းတွင် ထွက်ရှိလာမည့် သကြားအသစ်များ ဈေးကောင်းရရှိနိုင်

မန္တလေး၊  ၁၈  ဒီဇင်ဘာ

 

 

ပြည်တွင်းတွင် သကြားလက်ကျန်နှင့် ပြည်ပနိုင်ငံများက တင်သွင်းထားသော သကြားအရေအတွက် နည်းပါးနေခြင်းကြောင့် ယခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ထွက်ရှိလာမည့် သကြားအသစ်များမှာ ဈေးကောင်း ရရှိနိုင်ကြောင်း သကြားနှင့် သကာရည်လုပ်ငန်းရှင်များအသင်းက သိရသည်။ 

 

 

“ပြည်တွင်းက သကြားစက်တွေက ဒီဇင်ဘာ ၅ ရက်နေ့ကနေ စတင်လည်ပတ်နေကြပြီ၊ ဒီဇင်ဘာလကုန်ပိုင်း လောက်ဆိုရင် ထွက်ရှိလာတော့မှာဖြစ်တယ်၊ ပြည်တွင်းမှာလည်း သကြားလက်ကျန်က နည်းနေပြီဖြစ်သလို၊ ပြည်ပကတင်သွင်းတဲ့ သကြားတွေကလည်း မရှိသလောက်ဖြစ်နေပြီ၊ ကမ္ဘာ့သကြားဈေးနှုန်းကလည်း တက်နေတော့ ဒီနှစ် သကြားဈေးကောင်းမယ့် အခြေအနေရှိနိုင်တယ်” ဟု သကြားနှင့် သကာရည်လုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးသီဟထွန်းက ပြောသည်။ 

 

 

၂၀၂၀-၂၀၂၁ ကြံရာသီတွင် သကြားအချိန်မီ ထုတ်လုပ်နိုင်ရေးအတွက် ကြံများကို ဒီဇင်ဘာလလယ်ပိုင်းတွင် ဝယ်ယူကာ စက်ရုံများ လည်ပတ်လျက်ရှိကြောင်း၊ လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ အနောက်ပိုင်း ဒေသများရှိ သကြားစက်များ စတင်လည်ပတ်နေပြီဖြစ်သကဲ့သို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) (တောင်ပိုင်း) နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ စက်ရုံများမှာလည်း မကြာမီတွင် လည်ပတ်တော့မည်ဖြစ်ကြောင်း သိရသည်။

 

 

mdn

 

 

“ပြည်တွင်းက သကြားတွေကို တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတွေကို တင်ပို့လို့ရတယ်၊ သကြားပိုလျှံမှု မရှိတော့တဲ့အတွက် ရောင်းလို့ရရင် ရသလောက် အဆင်ပြေမယ့်အ နေအထားပါ။ အဲဒီအတွက် ဒီနှစ်က သကြားဈေး အခြေအနေ ကောင်းနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်” ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစည်း လုပ်ငန်းရှင်များ အသင်း (မန္တလေး) ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။ 

 

 

မြန်မာနိုင်ငံအတွင်းတွင် ယခုနှစ် ကြံစိုက်ရာသီတွင် စိုက်ဧက စုစုပေါင်း ၄၃၈ ၄၂၀ စိုက်ပျိုးပြီးဖြစ်ကာ သကြားစက်ရုံ များအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ် ကြံကြိတ်ရန်အတွက် လျာထားချက်အနေဖြင့် တန်ချိန် ၄၂ သိန်းကျော် ခန့်မှန်ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲမှ သိရသည်။ 

 

 

မင်းထက်အောင်(မန်းကိုယ်ပွား)