နေပြည်တော် ၁၂ မေ
ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တစ်နှစ်အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် လာမည့် မေ ၁၅ ရက်မှ စတင်ကာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်မှ သိရသည်။
“မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ယခင်နှစ်က အတိုးနှုန်း ၈ ရာခိုင်နှုန်းနဲ့ ထုတ်ချေးခဲ့ပြီး ဒီနှစ်မှာ အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့သာ ထုတ်ချေးပေးသွားပါမယ်။ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၂၅၀ ခန့်က တောင်သူ ၁၇ သိန်းခန့်ကို မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအနေနဲ့ ယခင်နှစ်က ငွေကျပ် ၁၃၆၅ ဘီလီယံ ထုတ်ချေးပေးခဲ့ရာကနေ ဒီနှစ်မှာ ငွေကျပ် ၁၄၇၁ ဘီလီယံခန့် ထုတ်ချေးပေးသွားဖို့ လျာထားပါတယ်”ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ပြောသည်။
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်များမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ရာ ယခင်နှစ် ချေးငွေကြွေးကျန်မရှိသူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်သည်။ ထို့ပြင် ယခင်နှစ်ချေးငွေများကို နှစ်စဉ်ဧပြီလကုန်တွင် ပြန်လည်ပေးဆပ်ရန် သတ်မှတ်ထားသော်လည်း ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ချေးငွေပြန်ဆပ်ကာလကို မေလကုန်အထိ တိုးမြှင့်ပေးထားကြောင်း သိရသည်။
“ယခင်နှစ်က ချေးထားတဲ့ ချေးငွေတွေထဲကနေ ၅၀ ရာခိုင်နှုန်းတော့ ပြန်ရနေပါပြီ။ ချေးငွေပြန်ဆပ်ရမယ့်ကာလက ကိုဗစ်ဖြစ်ပွားတဲ့ ကာလနဲ့တိုက်ဆိုင်နေပါတယ်။ ဒါ့ကြောင့် ချေးငွေပြန်ဆပ်ကာလကို မေလကုန်ထိ သက်တမ်းတိုးပေးထားပါတယ်” ဟု ဦးမင်းသူက ပြောသည်။
“မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဘဏ်ခွဲပေါင်း ၂၀၈ ဘဏ်ကနေ ထုတ်ချေးပေးမှာပါ။ ထုတ်ချေးရာမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးနည်းလမ်းများနဲ့အညီ ထုတ်ချေးပေးသွားမှာပါ။ ဒီ့အတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပါတယ်။
“ထုတ်ချေးပေးမယ့် ဘဏ်ခွဲဧရိယာကျဉ်းရင်တော့ သက်ဆိုင်ရာ မြို့နယ်ခန်းမတွေ၊ အားကစားခန်းမတွေနဲ့ စာသင်ကျောင်းတွေမှာ ထုတ်ချေးပေးဖို့ စီစဉ်ထားပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးလည်း လက်ဆေးဘေစင်တွေ၊ ကျန်းမာရေးဆိုင်ရာ အသိပေးချက်တွေ၊ တောင်သူကြီးတွေ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာပြီး နေထိုင်ဖို့နဲ့ စာအုပ်ထပ်မယ့်နေရာတွေ၊ ငွေထုတ်ရန်နေရာတွေ စသဖြင့် ဆောင်ရွက်ထားမှာပါ။ ဘဏ်တွေကိုလည်း ကာကွယ်ဆေးဖျန်းတာနဲ့ ထုံးဖြူးတာတွေ အကုန်လုံး လုပ်ထားပြီးပါပြီ” ဟု ဦးမင်းသူက ပြောသည်။
တစ်နိုင်ငံလုံးအနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ငွေကျပ် ၁၄၇၁၅၁၇ ဒသမ ၁ သန်း ထုတ်ချေးပေးသွားမည်ဖြစ်ရာ နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၃၇၆ ဒသမ ၆ သန်း၊ ကချင်ပြည်နယ်တွင် ၂၉၆၂၃ ဒသမ ၃၅ သန်း၊ ကယားပြည်နယ်တွင် ၄၁၈၄ ဒသမ ၁ သန်း၊ ကရင်ပြည်နယ်တွင် ၆၈၂၈ ဒသမ ၆ သန်း၊ ချင်းပြည်နယ်တွင် ၂၃၀၉ ဒသမ ၅ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၄၅၆၆၉ ဒသမ ၁ သန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၆၈၇၁ သန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၈၇၆၀၉ ဒသမ ၇ သန်း၊ မကွေးတိုင်းဒေသကြီးတွင် ၁၄၃၁၇၃ ဒသမ ၇ သန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၇၂၃၂၂ ဒသမ ၃ သန်း၊ မွန်ပြည်နယ်တွင် ၄၃၂၀၃ ဒသမ ၂၅ သန်း၊ ရခိုင်ပြည်နယ်တွင် ၈၅၄၇၀ ဒသမ ၄ သန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၉၃၅၃၃ ဒသမ ၄၅ သန်း၊ ရှမ်းပြည်နယ်(တောင်ကြီး)တွင် ၁၈၅၃၀ ဒသမ ၁ သန်း၊ ရှမ်းပြည်နယ်(လားရှိုး)တွင် ၉၅၀၆ ဒသမ ၈ သန်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၂၉၂၃၀၅ ဒသမ ၁၅ သန်း အသီးသီး ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။
မျိုးမြင့်၊ ဟန်လင်းနိုင်


