မုံရွာ   ၂၂   မေ

 

မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အတွက် သစ်ပင်များ စိုက်ပျိုးနိုင်ရေး သစ်တောဦးစီးဌာနပိုင် ပျိုးခြံ(၃)ခြံတွင် ကျွန်း၊ ကုက္ကိုလ်၊ တမာ၊ မယ်ဇလီ စိန်ပန်း အပါအဝင် အပင်အမျိုးအစား (၄၁)မျိုးကို ပျိုးပင်ပေါင်း (၂၀၄၀ဝ၀)ပင်ကို ပျိုးထောင် စုဆောင်းထားရှိပြီး ဖြစ်ကြောင်း မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုး(၂) ထံမှ သိရသည်။

 

ယခုနှစ်မိုးရာသီတွင် မြို့နယ်(၂)မြို့နယ်အတွင်း ဆက်သွယ်ရေးလမ်းများ၏ လမ်းဘေးဝဲ/ယာများတွင် လည်းကောင်း၊ ဌာနဆိုင်ရာ သစ်တောစိုက်ခင်းများ စိုက်ပျိုးနိုင်ရန်နှင့် ပြည်သူများ တစ်ဦးချင်းစိုက်ပျိုးနိုင်ရေး အတွက် ပျိုးပင်များကို စုဆောင်းထားရှိခြင်းဖြစ်ကြောင်း သိရသည်။

 

“သစ်တောသစ်ပင်တွေ ပြန်လည်ဖြစ်ထွန်းအောင်မြင်ဖို့ နည်းလမ်းမျိုးစုံနဲ့ အသုံးပြုပြီး စိုက်ပျိုးရတာ ဖြစ်တဲ့အတွက် နှစ်စဉ်မိုးရာသီမှာ သစ်တောအတွင်းမှာ စိုက်ပျိုးကြသလို၊ လူထုလှုပ်ရှားမှု အသွင်နဲ့လည်း စိုက်ပျိုးကြတာဖြစ်တယ်၊ အခုနှစ်မိုးရာသီမှာတော့ လူထုလှုပ်ရှားမှုအသွင်နဲ့ စိုက်ပျိုးဖို့ကျတော့ ကိုဗစ်-၁၉ ရောဂါ အခြေအနေအရ မသေချာဘူးဖြစ်နေတယ်၊ ဒါပေမဲ့ သစ်တောဦးစီးဌာနအနေနဲ့ကတော့ ဘယ်လို လှုပ်ရှားမှု အသွင်နဲ့ပဲလုပ်လုပ်အဆင်ပြေစေဖို့ ပျိုးပင်တွေကိုတော့ စုဆောင်းထားရှိပြီး ဖြစ်ပါတယ်” ဟု မုံရွာမြို့နယ် သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုး(၂)က ပြောသည်။

 

ပျိုးပင်များ စုဆောင်းထားရှိမှုအနေဖြင့် မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်ရှိ နန္ဒဝန်ပျိုးခြံတွင် ပျိုးပင်ပေါင်း (၁၆၆၀ဝ၀) အားလည်းကောင်း၊ အလုံသစ်တောပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၃၀ဝ၀ဝ) အားလည်းကောင်း၊ ချောင်းဦးမြို့နယ် အမြင့်ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၈၀ဝ၀)အား လည်းကောင်း ပျိုးထောင်ထားကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

mdn