ရန်ကုန် ၆ ဇွန်
ယခုနှစ်မိုးဦးကာလတွင် မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ လေထုအပူချိန် မြင့်တက်မှုတို့ကြောင့် မြန်မာနိုင်ငံ တစ်ဝန်း ဇန်နဝါရီလမှ မေလကုန်အထိ မိုးကြိုးဘေး ၃၄ ကြိမ် ဖြစ်ပွားပြီး သေဆုံး ၃၆ ဦး၊ ဒဏ်ရာရ ရှစ်ဦး၊ အိမ် ခြောက်လုံးပျက်စီးခဲ့ပြီး စုစုပေါင်းထောက်ပံ့မှုငွေကျပ် ၁၁၈၄၄၀၀၀ ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
ယမန်နေ့ ညနေပိုင်းက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြိတ်လေတပ်စခန်းဌာနချုပ် ဖူဆယ် ဘောလုံးကွင်း၌ မိုးကြိုးပစ်မှုကြောင့် လူငါးဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။ အလားတူ ယမန်နေ့ညနေပိုင်းက ရေဦးမြို့နယ် မုံတိုင်ပင်ကျေးရွာ အုပ်စု ဇီးကန်ကျေးရွာ၌ မိုးကြိုးပစ်၍ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
မိမိတို့အနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်းနှင့် လျှပ်စီးလက် ခြင်းတို့ ဖြစ်ပေါ်နေလျှင် မိုးကြိုးအန္တရာယ်ရှိနိုင်သဖြင့် အိမ်ထဲသို့ ချက်ချင်းဝင်ရောက်သင့်ကြောင်း၊ အိမ်အတွင်း လျှပ်စစ်ပစ္စည်းများကို ခလုတ်ပိတ်ပြီး ပလပ်ဖြုတ်ထားရ မည်ဖြစ်ကြောင်း၊ သံထည်၊ သတ္တုထည် စသည့်ပစ္စည်းများ ကို မကိုင်သင့်ကြောင်း၊ ရေကူးကန်၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင်စသည်တို့တွင် ရောက်ရှိနေပါက ရေထဲမှ ချက်ချင်းတက်ပြီး အမိုးအကာရှိသည့် လုံခြုံသောနေရာ ရှာသင့်ကြောင်း၊ ကွင်းပြင် ထီးထီးကြီးတွင် မနေသင့် ကြောင်း၊ သစ်ပင်၊ ဓာတ်တိုင်များအနီးတွင် မနေသင့် ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။
မြင့်မောင်စိုး


