ပျဉ်းမနား၊ ဒီဇင်ဘာ  ၁၆

 

ပျဉ်းမနားမြို့နယ်အတွင်း ပေါင်းလောင်းဆည်ရေသောက်ဧရိယာနှင့် ငလိုက်ဆည်ရေသောက် ဧရိယာ(၂)ခု၏ ရေပေးဝေမှုအပေါ်မူတည်၍   ယခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါး(၁၅၄၇)ဧက လျာထားစိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရသည်။

 

နွေစပါးစိုက်ပျိုးရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်းပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထွန်းထွန်းလင်း က “မကြာမီကာလအတွင်း ဆည်ရေပေးဝေခြင်းလုပ်ငန်းများ စတင်တော့မှာဖြစ်တဲ့အတွက် နွေစပါးစိုက်ပျိုးတောင်သူတွေအနေနဲ့ ရေစတင်ပေးဝေတာနဲ့ အဆင်သင့်စိုက်ပျိုးနိုင်စေဖို့ ထယ်ရေးကြိုတင် ပြင်ဆင်ခြင်းကို ကြိုတင်ဆောင်ရွက်ထားသင့်ပါတယ်၊ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့လည်း မိုးစပါး တစ်ဧက တင်း(၁၀၀)ကျော်နဲ့ နွေစပါးတစ်ဧက တင်း(၁၂၀)ကျော်ထွက်ရှိရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေ လျက်ရှိပါတယ်၊ နွေစပါးစိုက်ပျိုးရာမှာ သက်တမ်းတို အထွက်ကောင်းစပါးမျိုးများကို ရွေးချယ်စိုက်ပျိုး သွားဖို့လိုပါတယ်၊ နွေစပါးစိုက်တောင်သူများ အခက်အခဲမရှိ စိုက်ပျိုးနိုင်စေရေးအတွက် တောင်သူတွေ စိုက်ပျိုးလိုတဲ့ မျိုးကောင်းမျိုးသန့်များရရှိရေးအတွက် မြို့နယ်စိုက်ပျိုးကြီးကြပ်ကော်မတီ ဖွဲ့စည်းထားရှိပြီး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ စပါးစိုက်တောင်သူတွေမလိုအပ်တဲ့ ကုန်ကျစရိတ်တွေ သက်သာစေဖို့အတွက်  ပံ့ပိုးယူရီးယားမြေဩဇာများကို ကြိုတင်ဖြန့်ဖြူးပေးနေပြီး ပုလဲမြေဩဇာကို နွားချေး(၃)ဆဖြင့်ရောကာ ထိရောက်စွာအသုံး ပြုနိုင်စေရေးကိုလည်း ကွင်းဆင်းပညာပေးခြင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်၊ စပါးခင်းတွေမှာ ပိုးမွှားရောဂါကျရောက်မှုမရှိစေဖို့ကိုလည်း ပိုးမွှားရောဂါ ကင်းထောက်ခြင်းလုပ်ငန်းတွေကို ဝန်ထမ်းတွေက ကွင်းဆင်းဆောင်ရွက်ပေးသွားဖို့လည်း ရှိပါတယ်’’ဟု ပြောကြားသည်။

 

ပျဉ်းမနားမြို့နယ်တွင် နွေစပါးစိုက်ပျိုးနိုင်မှုအနေဖြင့် ယခင်နှစ် နွေစပါးစိုက်ပျိုးရာသီတွင် မိုးရာသီအတွင်း မိုးရွာသွန်းမှုနည်းပါးကာ ငလိုက်ဆည်ရေပေးဝေနိုင်ခြင်း မရှိသည့်အတွက်  ငလိုက်ဆည်ရေသောက် ဧရိယာတွင် နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိခဲ့ဘဲ ပေါင်းလောင်းဆည်ရေသောက် ဧရိယာ၌သာ (၁၁၅၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ငလိုက်နှင့် ပေါင်းလောင်းဆည် ရေသောက်ဧရိယာ နှစ်ခုလုံးတွင် နွေစပါး(၁၅၄၇)ဧက ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခန့်ဝင်းကျော်(ပျဉ်းမနား)