မုံရွာ ၄ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး၊ နွေနှမ်းနှင့် မိုးကြိုပဲတီစိမ်းသီးနှံတို့သည် စိုက်ပျိုးရေ မရရှိသဖြင့် စိုက်ပျိုးထုတ်လုပ်မှုလျော့နည်းမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

 

ယခုနှစ်နွေသီးနှံများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ နွေစပါးကို ဆည်ရေသောက်နည်းလမ်းဖြင့် (၆၃၀၆)ဧက၊ လျှပ်စစ်မြစ်ရေတင်နည်းလမ်းဖြင့်(၇၇၀၃)ဧက၊ ချောင်းပိတ်မြောင်းပိတ်နည်းလမ်းဖြင့် (၁၄၇၉၉) ဧက၊ မြေအောက်ရေရရှိရေးနည်းလမ်းဖြင့် (၈၀၇၂)ဧကနှင့် သဘာဝရေဝင်နည်းလမ်းဖြင့် နွေစပါးစုစုပေါင်း (၂၆၀၃၈) ဧက ဖြင့်လည်းကောင်း၊ နွေနှမ်းသီးနှံကို ဆည်ရေသောက်နည်းလမ်းဖြင့်  (၂၁၄၃)ဧက၊ လျှပ်စစ် မြစ်ရေတင်နည်းလမ်းဖြင့် (၁၈၉၅)ဧက၊ မြေအောက်ရေရရှိရေးနည်းလမ်းဖြင့် (၆၇၃၇၄)ဧက စုစုပေါင်း (၇၁၄၁၂)ဧကအားလည်းကောင်း၊ မိုးကြိုပဲတီစိမ်း သီးနှံကို ဆည်ရေသောက်စနစ်ဖြင့် (၅၉၂)ဧက၊ လျှပ်စစ် မြစ်ရေတင်နည်းလမ်းဖြင့် (၁၄၇၀)ဧက၊ မြေအောက်ရေရရှိရေးနည်းလမ်းဖြင့် (၅၀၅၉၇)ဧက စုစုပေါင်း (၅၂၆၅၉)ဧကအားလည်းကောင်း စိုက်ပျိုးသွားရန် လျာထားကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးကို (၃၆၉၄၉၀)ဧကအားလည်းကောင်း၊ နွေနှမ်းသီးနှံကို (၉၅၉၇၈)ဧကအားလည်းကောင်း၊ မိုးကြိုပဲတီစိမ်းသီးနှံကို (၆၉၈၉၄)ဧက စုစုပေါင်း (၅၃၅၃၆၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)