ကနီ ၁၈ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်း ယခုနှစ်ဆီးသီးပွင့်ရာသီ ပျားရည်ထုတ် လုပ်ငန်းများတွင် နေ့စားပျားအလုပ်သမား ဈေးနှုန်းနှင့် ပျားအုံများ ရွေ့ပြောင်းစရိတ်များ ကြီးမြင့်လျက်ရှိကြောင်း ပျားမွေးမြူရေး လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။
ပျားရည်ထုတ်ရာသီတွင် ကနီမြို့နယ်အတွင်း ကျေးရွာ ၃၀ ကျော်တွင် စိုက်ပျိုးထားသော ဆီးသီးပင်များ အပွင့်ပွင့်ချိန်တွင် ပျားရည်ထုတ်လုပ်ခြင်း လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ဒေသခံ အလုပ်သမားများကို နေ့စားလုပ်သားအဖြစ်ငှားရမ်းခနှင့် ပျားအုံများတစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းခြင်း ကုန်ကျစရိတ်များသည် ယခုနှစ်တွင် ဈေးနှုန်းမြှင့်ပြီး လုပ်ကိုင်ရခြင်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဆီးသီးပျားရည်ထုတ်ရာသီတွင် နေ့စားအလုပ်သမားတစ်ဦးကို တစ်ရက်လျှင် ငွေကျပ် (၆၀ဝ၀) ကျပ်ဖြင့် ငှားရမ်းလုပ်ကိုင်ရပြီး ပျားအုံရွေ့ပြောင်းစရိတ်အဖြစ် အလျား (၁၇)ပေ ကားတစ်စီးငှားလျှင် ငွေကျပ် (၂)သိန်း(၈)သောင်း အထိ ပေးရကြောင်း ၂၀၁၈ ခုနှစ် ဆီးသီးပျားရည်ထုတ်ရာသီတွင် အလုပ်သမား တစ်ဦးလျင် ငွေကျပ် (၄၀ဝ၀)ကျပ်နှုန်းနှင့် ကားတစ်စီး ငှားရမ်းခအနေဖြင့် ငွေကျပ် (၂)သိန်း(၅)သောင်းကျပ် သာရှိခဲ့ကြောင်း ပျားမွေးမြူရေးလုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


