ပေကျင်း အောက်တိုဘာ ၂၅
တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ် ပထမကိုးလအတွင်း တရုတ်ယွမ် ၃၁ ဒသမ ၁၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၅ ထရီလီယံခန့်) ရှိခဲ့ခြင်းကြောင့် ၉ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်မှုရှိခဲ့ကြောင်း တရားဝင်အချက်အလက် များက အောက်တိုဘာ ၂၄ ရက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကာလအတွင်း ယွမ် ၁၇ ဒသမ ၆၇ ထရီလီယံရှိခဲ့ခြင်းကြောင့် ယမန်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၁၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်မှု ရှိခဲ့ကြောင်းနှင့် သွင်းကုန်တန်ဖိုးသည် ယွမ် ၁၃ ဒသမ ၄၄ ထရီလီယံ ရှိခဲ့ခြင်းကြောင့် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်မှုရှိခဲ့ ကြောင်း တရုတ်အထွေထွေအကောက်ခွန်ဌာန၏ ပြောကြားချက်အရ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ တရုတ်နိုင်ငံ၏ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှုသည် ၁၅ ဒသမ ၂ ရာခိုင်နှုန်း၊ ဥရောပ သမဂ္ဂနှင့် ကုန်သွယ်မှုသည် ကိုးရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုသည် ရှစ်ရာခိုင်နှုန်း အသီးသီးတိုးတက်မှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါကာလအတွင်း တရုတ်နိုင်ငံ၏ ရပ်ဝန်း နှင့် ပိုးလမ်းမနိုင်ငံများနှင့် ကုန်သွယ်မှုသည် ယွမ် ၁၀ ဒသမ ၀၄ ထရီလီယံရှိခဲ့ခြင်းကြောင့် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်မှုရှိခဲ့ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်