ဇွန် ၁၉

ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမ လေးလအတွင်း တရုတ်ခရီးသွားဝင်ရောက်မှုသည် ယမန်နှစ်ကထက် ၄၁ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်ဟု ကမ္ဘောဒီးယားခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလမှ ဧပြီလအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်ခရီးသွား ၂၆၀၄၅၅ ဦး ဝင်ရောက်မှုရှိကြောင်းနှင့် ၂၀၂၃ ခုနှစ် အလားတူကာလက တရုတ်ခရီးသွားဝင်ရောက်မှု ၁၈၄၀၀၉ ဦးရှိရာ ယခုနှစ်တရုတ်ခရီးသွားဝင်ရောက်မှုသည် ယမန်နှစ်ကထက် ၄၁ ဒသမ ၅ ရာခိုင်နှုန်းပိုမိုများပြားခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်ခရီးသွားဝင်ရောက်မှုသည် နိုင်ငံခြားခရီးသွားဝင်ရောက်မှုစုစုပေါင်း၏ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ ယခုနှစ် ပထမလေးလအတွင်း နိုင်ငံခြားခရီးသွားဦးရေ ၂ ဒသမ ၁၁ သန်း ဝင်ရောက်မှုရှိရာ ၂၀၂၃ ခုနှစ် အလားတူကာလက နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၁ ဒသမ ၇၂ သန်းမှ ၂၂ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသို့တရုတ်ခရီးသွားဝင်ရောက်မှုသည် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပြီးလျှင် တတိယအများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို