အင်းတော်ကြီး ၅ မတ်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင် အင်းတော်ကြီး ရွှေမဉ္ဇူ ရေလယ် စေတီတော်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို မတ် ၁ ရက်မှ ၈ ရက်အထိ ကျင်းပလျက်ရှိရာ ယခုနှစ်တွင် လာရောက်လည်ပတ်သူ နည်းပါးခဲ့ကြောင်း သိရသည်။
အင်းတော်ကြီးဘုရားပွဲသည် အထက်မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် အစည်ကားဆုံးပွဲတစ်ပွဲဖြစ်ပြီး ယခုနှစ်တွင်ရပ်ဝေးခရီးသည်များ လာရောက်လည်ပတ်မှုနည်းပါးပြီး ကချင်ပြည်နယ်အတွင်းရှိ မြို့တစ်ချို့နှင့် အင်းပတ်ဝန်းကျင်ရှိ ကျေးရွာများမှသာ လာရောက်လည်ပတ်လျက်ရှိသည်။
အင်းတော်ကြီး ဘုရားပွဲတော်ရက်အတွင်း အုံနာခပေးပြီး စက်လှေငှားရမ်းပြေးဆွဲသူ ကိုမျိုးအောင်က " ဘုရားပွဲရက်အတွင်း စက်လှေပြေးဆွဲဖို့ တစ်သိန်းခွဲကျပ်နဲ့ ငှားရမ်းပြေးဆွဲတာပါ။ ဘုရားပွဲစတဲ့ရက်ကနေ ဒီနေ့အထိ စက်လှေပြေးဆွဲခ ကျပ်နှစ်သောင်းပဲ ရပါသေးတယ်၊ ဈေးဦးမပေါက်တဲ့ ရက်တွေတောင် ရှိတယ်" ဟု ဆိုသည်။
ဘုရားပွဲဈေးတန်းတွင် ဈေးရောင်းချသူ ဒေါ်မိုးမြင့်က " ခါတိုင်းနှစ် ဒီလိုရက်တွေဆို လူတွေတိုး မပေါက်ဘူး၊ အခုနှစ်မှာတော့ လူတွေခပ်ကျဲကျဲပဲ၊ ဘုရားပွဲစတာ လေးရက်ရှိပြီ ရောင်းကြေးနှစ်သိန်းလောက်ပဲ ရသေးတယ်၊ မနှစ်ကဆို ဒီလိုအချိန်မှာ ၁၅ သိန်းလောက်ရောင်းကြေးရပြီ။ ကိုရိုနာဗိုင်းရပ်စ် ရောဂါအန္တရာယ်ကြောင့် ရပ်ဝေးခရီးသည်တွေ မလာကြတာနေမှာ" ဟု ပြောသည်။
ဘုရားပွဲဖြစ်မြောက်ရေး ဦးစီးကော်မတီအဖွဲ့ဝင် ဦးတင့်လွင်က "အင်းတော်ကြီးဘုရားပွဲက နှစ်စဉ်ကျင်းပလာတာဆိုတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ရှိတယ်ဆိုပေမယ့် ပွဲအစဉ်အလာ မပျက် ကျင်းပရန် အစည်းအဝေး ၄ ကြိမ်လုပ်ပြီးမှ ပွဲတော် ကို ကျင်းပတာပါ။ ကျန်းမာရေး အသိပေးလက်ကမ်း စာစောင်တွေလည်း ဝေငှပေးနေသလို၊ ကြော်ငြာဆိုင်းဘုတ်တွေလည်း ထောင်ထားပေးပါတယ်၊ အထူးသဖြင့် ပွဲခင်းအတွင်းမှာ လက်ဆေးဖို့ လက်ဆေးကန်နဲ့ ဆပ်ပြာရည်ကို ခုနစ်နေရာမှာ ထားပေးထားပြီး နှာခေါင်းစီး ၅၀၀၀ ကိုလည်း အခမဲ့ဝေငှပေးထားပါတယ်" ဟု ပြောသည်။
သမိုင်းဝင်အင်းတော်ကြီး ရွှေမဉ္ဇူ ရေလယ် စေတီတော်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း ၈ ရက်မှ တပေါင်းလပြည့်နေ့အထိ ကျင်းပမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများအတွက် အခမဲ့ တည်းခိုဆောင်များ၊ အခမဲ့အညစ်အကြေးစွန့်ရန်နှင့် အခမဲ့ရေချိုးခန်းများ ထားရှိပေးသည့်အပြင် အားကစားပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုဆေးခန်းများ၊ ဇာတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


