ဖနောင်ပင် ဒီဇင်ဘာ ၁၆
ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် တိုးတက်လာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အထည်ချုပ်မဟုတ်သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမှုနှင့် အထည်ချုပ်လုပ်ငန်း များ တဖြည်းဖြည်း ပြန်လည်ဦးမော့လာမှုတို့ကြောင့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ခြောက်ရာခိုင်နှုန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး အန်းပွန်မိုနီရော့စ်က ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် တိုးတက်သည့်အခြေအနေသို့ ရောက်ရှိနေကြောင်း နိုဝင်ဘာလနှောင်းပိုင်းတွင် ပြုလုပ်သည့် ၂၀၂၅ ခုနှစ်ဆိုင်ရာ ဘတ်ဂျက်ဥပဒေဆွေးနွေးပွဲတွင် ၎င်းက ပြောကြားသည်။
၂၀၂၅ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးသည် တိုးတက်မှုနှုန်း ၆ ဒသမ ၃ ရာခိုင်နှုန်း ရောက်ရှိရန် မျှော်မှန်းထားပြီး ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၃၉ ဘီလီယံအထိ တိုးမြင့်လာမည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
နိုင်ငံသားတစ်ဦးချင်းစီ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးသည် လာမည့်နှစ်တွင် ၂၉၂၄ ဒေါ်လာအထိရှိမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများ တင်ပို့မှု၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့အပေါ်တွင် အခြေခံ ထားသည်။
အထည်ချုပ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများသည် ၂၀၂၅ ခုနှစ်တွင် ၈ ဒသမ ၆ ရာခိုင်နှုန်း ခရီးသွား လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ကုန်သွယ်မှုနှင့် အိမ်ခြံမြေကဏ္ဍတွင် ၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ၁ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာမည်ဟု ခန့်မှန်းထား သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ