မန္တလေး ၁၄ မတ်
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ယခုနှစ်သင်္ကြန်ကာလတွင် ကျင်းပမည့် မြို့တော်မဟာသင်္ကြန် ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် အပါအဝင် လူစုလူဝေးဖြစ်စေမည့် ပွဲတော်အားလုံးကို Covid-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ရပ်ဆိုင်းခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
လက်ရှိတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့တွင် ဆောက်လုပ်လျက်ရှိသည့် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ကို ယနေ့တွင် စတင်ဖျက်သိမ်းနေပြီး သင်္ကြန်ပွဲတော် ကျင်းပရန်အတွက် ကျုံးပတ်လည်တစ်လျှောက်၌ သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ရန် နေရာချထားမှုများကိုလည်း ဆောင်ရွက်ထားခြင်း မရှိသေးကြောင်း သိရသည်။
“သင်္ကြန်ပွဲတော်ကို ကျင်းပဖို့ ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေကို အချိန်ဆွဲပြီး လုပ်ထားတဲ့အတွက် အခုလို သင်္ကြန်ပွဲတော် မကျင်းပဖြစ်ပေမယ့် ကျွန်တော်တို့ စည်ပင်အနေနဲ့ ကုန်ကျစရိတ် များများစားစား ကျခံသုံးစွဲမှု မရှိခဲ့ပါဘူး။ အခု ဖျက်သိမ်းတဲ့ မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ကလည်း နှစ်စဉ်ဆောက်လုပ်နေတဲ့ ပစ္စည်းတွေနဲ့ပဲ အဆင်သင့် ပြန်လည်ဆောက်လုပ်ထားတာ ဖြစ်တဲ့အတွက် ကုန်ကျမှုမရှိပါဘူး။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကျင်းပမယ့် သင်္ကြန်ပွဲတော်တွေကို ရပ်ဆိုင်းလိုက်ပေမယ့် ရိုးရာဓလေ့အရ မြို့နယ်ရပ်ကွက်တွေမှာ မိသားစု သင်္ကြန်သဘောမျိုးနဲ့ ရေကစားတွေတော့ ရှိနိုင်မှာပါ။ ဒါကို လုပ်ဖို့မလုပ်ဖို့ ပြောဖို့က မသင့်တော်ပါဘူး။ ဒါပေမယ့် လူစုလူဝေးနဲ့ လုပ်လာပြီး အများအတွက် အန္တရာယ်ရှိလာမယ်ဆိုရင်တော့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုံးဖြတ်သွားမှာပါ” ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။
ယခုနှစ်တွင် မန္တလေးမြို့၌ ကျင်းပမည့် ရိုးရာဓလေ့သင်္ကြန်ပွဲတော်အား Covid-19 ဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)