မန္တလေး ၁၀ မတ်

 

မန္တလေး၊ ပုသိမ်ကြီးမြို့နယ် ရွှေစာရံဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့မှ လပြည့်ကျော် ၉ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယခုနှစ်တွင် ဘုရားပွဲတော်ကို တပေါင်းလပြည့်ကျော် ၅ ရက်နေ့တွင် ၄ ရက်စော၍ ပိတ်သိမ်းမည်ဖြစ်ကြောင်း ရွှေစာရံဘုရား ဂေါပအဖွဲ့မှ သိသည်။

 

“ဒီနှစ်ကတော့ တပေါင်းလပြည့်နေ့ကနေ လပြည့်ကျော် ၅ ရက်နေ့အထိပဲ တာဝန်ယူ လုပ်ကိုင်ဆောင်ရွက် ထားရပါတယ်။ ၅ ရက်က ကျော်ရင်တော့ အားလုံးပိတ်သိမ်းပေးပါ့မယ်လို့ ဒါကို ဝန်ခံကတိပြု လက်မှတ်ထိုးထားရတယ်။ ဘုရားပွဲတော်ရက် သတ်မှတ်တာနဲ့ ပတ်သက်လို့ကတော့ အခုအခြေအနေက လပြည့်ကျော် ၅ ရက်နေ့အထိသာလျှင် ကျင်းပခွင့်ပြုပါတယ်” ဟု ရွှေစာရံဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးပြေငြိမ်းက ပြောသည်။

 

ရွှေစာရံဘုရားပွဲတော်ကို အစဉ်အလာမပြတ် ကျင်းပခွင့်ပြုထားပြီး COVID -19 ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း အသိပညာပေးမှုများ၊ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားကြောင်း၊ ဘုရားပွဲတွင် ယခင်နှစ်များကထက် လူစည်ကားမှု လျော့နည်းပြီး ယခင်နှစ်များတွင် ဆိုင်းခန်းပေါင်း ၁၀ဝ၀ ကျော်ရှိခဲ့ရာမှ ယခုနှစ်တွင် ဈေးဆိုင်ခန်း ၉၅၀ကျော်ထိ လျော့နည်းသွားကြောင်း သိရသည်။

 

“မနှစ်က ဘုရားပွဲလာတဲ့ လူများတယ်။ ဒီနှစ်ကျတော့ လူနည်းတယ်။ ရောင်းအားမကောင်းဘူး။ ပွဲရက်ကလည်း ဒီနှစ် ရက်တိုတော့ ဈေးသည်တွေ အဆင်မပြေဘူးပေါ့။ ခါတိုင်း မနက်ဆိုရင် မလင်းသေးဘူး လူတွေစည်နေပြီ။ ဒီနှစ်ကျ ဈေးသည်တွေချည်း ဖြစ်နေတယ်” ဟု ကျောက်ဆည်၊ ညောင်ဝန်းကျေးရွာမှ ရွှေစာရံဘုရားပွဲသို့ ထန်းရွက်ပစ္စည်းများ လာရောက်ရောင်းချသော မယုယုလှိုင်က ပြောသည်။

 

ရွှေစာရံဘုရားပွဲတော် ဈေးတန်းတွင် ပွဲတော်၏ သင်္ကတေတစ်ခုဖြစ်သော ထန်းရွက်ပုတီး၊ ထန်းရွက်ငါးရုပ်နှင့် ပွဲတော်၏ မုန့်ဖြစ်သော မုန့်ခေါင်းအုံးနှင့် ဒေသထွက် ပစ္စည်းမျိုးစုံ ရောင်းချနေပြီး ပုသိမ်ကြီး၊ အမရပူရ၊ မန္တလေးသာမက ရှမ်းပြည်နယ်မှ လာရောက်သူများသကဲ့သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများလည်း လာရောက်ကြကြောင်း သိရသည်။

 

ထိပ်ထားနိုင်