ယခုနှစ်တွင် ပဲစင်းငုံ ဝယ်ယူသိုလှောင်သူ နည်းပါး

mdn

နေပြည်တော် ၃၁ မတ်  

 

ပြီးခဲ့သည့်နှစ်များက ဈေးနှုန်းကျဆင်းခဲ့ခြင်းကြောင့် ယခုနှစ်တွင် ပဲစင်းငုံ ဝယ်ယူသိုလှောင်သူ နည်းပါးလာကြောင်း ပဲကုန်သည်များထံမှ သိရသည်။

 

“မြန်မာ့ပဲစင်းငုံ တစ်တန်ကို ဒီအပတ်တွင်းမှာပဲ ကန်ဒေါ်လာ ၆၃၅ နီးပါး အထိရှိနေတယ်။ တစ်ပတ် အတွင်းမှာပဲ ၁၀ ဒေါ်လာ နီးပါးအထိ ဈေးကျလာတယ်။ တောင်သူတွေအတွက် အဆင်မပြေသလို ကုန်သည်တွေအတွက် အိန္ဒိယရဲ့ မတည်ငြိမ်သေးတဲ့ ဈေးကွက်အခြေအနေရယ်၊ အခွန်ကောက် ခံဖို့ လုပ်နေတာတွေကြောင့် စောင့်ကြည့်ရမယ့် သဘောရှိတယ်” ဟု ပဲစင်းငုံ ကုန်သည် ဦးကျော်ကျော်စိုးက ပြောသည်။

 

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုတွင် ပဲစင်းငုံ ၁၉ ရာခိုင်နှုန်းခန့် ရှိနေပြီး တစ်နှစ်လျှင် တန်ချိန် နှစ် သိန်းဝန်းကျင်ခန့် ရောင်းချနေရကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံတွင် ပဲအထွက်နှုန်း များပြားခဲ့သော်လည်း ဈေးနှုန်းကျဆင်းမှုကြောင့် ပဲမျိုးစုံစိုက်တောင်သူများ ဝင်ငွေလျော့ကျလာကြောင်း သိရသည်။

 

“ပဲစင်းငုံရဲ့ ၉၉ ရာခိုင်နှုန်းကို အိန္ဒိယကိုပို့ပြီးတော့ ထိုင်းဘက်ကို အနည်းငယ်လောက်ပဲ ပို့ထားနိုင်တယ်။ အိန္ဒိယက ဝယ်ဖို့ မသေချာတော့ ဒီပဲသုံးမျိုးထဲမှာ ပဲစင်းငုံစိုက်တဲ့တောင်သူတွေ ပိုပြီးနစ်နာလာဖို့ပဲရှိတယ်။ ကုန်သည်နဲ့ တောင်သူလက်ထဲမှာ ပဲစင်းငုံ တန်ချိန်သုံးသိန်းလောက်ထိ ရှိနိုင်တော့ ဒီကြားထဲမှာသာ ဈေးကွက်သစ်မရှာနိုင်ရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး” ဟု မန္တလေးမြို့ရှိ ဧရာမြေပဲမျိုးစုံ ပွဲရုံပိုင်ရှင် ဦးလှဌေးက ပြောသည်။

 

လက်ရှိ ထွက်ရှိနေသည့် ပဲစင်းငုံများသည် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် သီးနှံအရည် အသွေးညံ့ဖျင်းခြင်း၊ ပြည်ပမှ ဝယ်ယူမှုလျော့ကျလာခြင်း၊ ပဲစင်းငုံဈေးနှုန်း မတည်ငြိမ် ခြင်းတို့ ကြောင့် တောင်သူများအရှုံးပေါ်နေမှုကို ကာမိစေရန်အတွက် အစိုးရနှင့် ကုန်သည်များမှ တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူပေးရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

 

လက်ရှိတွင် ပြည်တွင်းထွက် ပဲစင်းငုံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းများကို နိုဝင်ဘာမှစ၍ စဉ်ဆက်မပြတ် ဖွင့်လှစ်ကာ အာဟာရပြည့် ပဲစင်းငုံ ခေါက်ဆွဲ၊ အာဟာရမှုန့်၊ အချိုမှုန့်အစားထိုး ဟင်းခတ်မှုန့်၊ ပဲမုန့်၊ ပဲချောင်းကြော်၊ စာကလေးခွေ၊ ပဲငါးပိ၊ ပဲငံပြာရည်နှင့် ဒေသထွက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် အခမဲ့ သင်ကြားပေးနေကြောင်း သိရသည်။

 

မြတ်သူ (AMIA)
ဓာတ်ပုံ- ကေဇူး(AMIA)