မကွေး ၈ အောက်တိုဘာ

 

တရုတ်ဝယ်လက်ကို မှီခိုနေရသည့် လျှော်ဖြူဈေးကွက်မှာ အကျဘက်သို့ ဦးတည်နေပြီး မကွေးတိုင်းအတွင်း လျှော်ဖြူဈေးကွက်မှာ ယမန်နှစ်ကဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ထက်ဝက်ကျော် ကျဆင်းသွားခဲ့ကြောင်း ဒေသတွင်းအဝယ်ဒိုင်များမှ သိရသည်။

 

၂၀၁၈ ခုနှစ် အောက်တိုဘာလဆန်းပိုင်းက လျှော်ဖြူတစ်ပိဿာဈေးမှာ ၄ဝဝဝဝ ကျပ်ခန့် ပေါက်ဈေးရှိခဲ့သော်လည်း ယခုနှစ်လတ်တလော ပေါက်ဈေးမှာ ၁၆ဝဝဝ ကျပ်ထိ သိသိသာသာ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

 

7

 

လျှော်ဖြူကို ပစ္စည်းသန့်၊ မသန့်၊ အရောင်အနေအထားနဲ့ ဈေးကွက်အကြိုက်ပေါ်လိုက်ပြီး အမျှင်၊ အခဲ အခြေအနေတွေပေါ်မှာ ဈေးဖြတ်ပါတယ်။ စိုက်ခင်းတွေက လာရောင်းတာရှိသလို သဘာဝတောတွေထဲ ပေါက်ရောက်နေတဲ့ လျှော်ဖြူပင်ကြီးတွေကနေ စုဆောင်းပြီး လာရောင်းတဲ့ သူတွေလည်း ရှိပါတယ်။ ဈေးကတော့ အကျဘက်ရောက်နေတယ် ဟု မကွေးမြို့မှ လျှော်ဖြူ အရောင်းအဝယ်လုပ်ကိုင်သူ ကိုဌေးလွင်က ပြောသည်။

 

မင်းဘူးမြို့ လျှော်ဖြူပေါက်ဈေးမှာ တစ်ပိဿာ ကျပ် ၅ဝဝဝ မှ ၁၆ဝဝဝ အထိ ရှိနေသည်ဟု ယေဘူယျ ဆိုနိုင်သော်လည်း နိုင်ငံခြားဝယ်လက်အကြိုက် ကြာဆံမျှင်လျှော်ဖြူဈေးမှာ တစ်ပိဿာ တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင်ထိ ပေါက်ဈေးရှိနေကြောင်း အဝယ်ဒိုင် ကိုရန်လင်းအောင်ထံမှ သိရသည်။

 

လျှော်ဖြူကို ဧကရာနဲ့ချီပြီးစိုက်တဲ့ ပခုက္ကူမြို့က လုပ်ငန်းရှင်ကိုလပြည့် ဂျပန်နိုင်ငံ SME ပြပွဲမှာ မြန်မာပြည်က လျှော်ဖြူတွေ သွားပြတယ်။ ဒီကဈေးနဲ့ ခြောက်ဆတစ်ဆလောက်ကွာတယ်။ ဈေးပိုရတယ်။ ဒါပေမယ့် အော်ဂင်းနစ်သီးနှံ ဖြစ်ရမယ်တဲ့။ အရေအတွက်ထက် အရည်အသွေးကို ပိုပြီးဂရုစိုက်မယ်ဆိုရင် ဂျပန်ကို ဈေးကောင်းကောင်းနဲ့ ပို့လိုရပြီ။ တရုတ်ဈေးကွက်ကို မှီခိုစရာ မလိုတော့ဘူးပေါ့ ဟု မင်းဘူးမြို့မှ လျှော်ဖြူဝယ်ရောင်းလုပ်ကိုင်သူ ကိုမိုးကျော်က ဆိုသည်။

 

မကွေးတိုင်းတွင် မြေလွတ်မြေရိုင်းများ၊ ယာမြေများ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းများ၌ လျှော်ဖြူစိုက်ခင်း ထူထောင်သူ တိုးပွားလာနေပြီး (၁၀)ဧက စိုက်ခင်းတစ်ခုလျှင် မြေတန်ဖိုးမပါ သိန်းရာနှင့်ချီ၍ ရင်းနှီးမြှုပ်နှံမှုများရှိနေကြောင်း၊ ဈေးကွက်အနေအထား အောက်ဆုံးထိထိုးကျ၍ တစ်ပိဿာ ကျပ် ၅ဝဝဝ ဖြစ်နေစေကာမူ နှစ်ရှည်အကျိုးခံစားနိုင်သောကြောင့် အမြတ်အစွန်း စိတ်ချရကြောင်း မကွေးဒေသခံစိုက်ပျိုးရေးလုပ်ကိုင်သူ ကိုအောင်ငြိမ်းက သူ၏အမြင်ကို ပြောပြသည်။

 

ဇေယျတု(မကွေး)