မကွေး ၃ အောက်တိုဘာ
တရုတ်ဝယ်လက်ကို မှီခိုနေရသည့် လျှော်ဖြူဈေးကွက်မှာ အကျဘက်သို့ ဦးတည်နေပြီး မကွေးတိုင်းအတွင်း လျှော်ဖြူဈေးကွက်မှာ ယမန်နှစ်ကဈေးနှုန်းနှင့် နှိုင်းယှဉ်လျင် ထက်ဝက်ကျော်ကျဆင်းသွားခဲ့ကြောင်း ဒေသတွင်းအဝယ်ဒိုင်များမှ သိရသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလဆန်းပိုင်းက လျှော်ဖြူတစ်ပိဿာဈေးမှာ လေးသောင်းကျပ်ခန့် ပေါက်ဈေးရှိခဲ့သော်လည်း ယခုနှစ်လတ်တလော ပေါက်ဈေးမှာ တစ်သောင်းခြောက်ထောင်ကျပ်ထိ သိသိသာသာ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
“ လျှော်ဖြူကို ပစ္စည်းသန့် မသန့် ၊ အရောင်အနေအထားနဲ့ ဈေးကွက်အကြိုက်ပေါ်လိုက်ပြီး အမျှင်၊ အခဲ အခြေအနေတွေပေါ်မှာ ဈေးဖြတ်ပါတယ်။ စိုက်ခင်းတွေက လာရောင်းတာရှိသလို သဘာဝတောတွေထဲ ပေါက်ရောက်နေတဲ့ လျှော်ဖြူပင်ကြီးတွေကနေ စုဆောင်းပြီး လာရောင်းတဲ့သူတွေလည်း ရှိပါတယ်။ ဈေးကတော့ အကျဘက်ရောက်နေတယ် ” ဟု မကွေးမြို့ မှ လျှော်ဖြူအရောင်းအဝယ် လုပ်ကိုင်သူ ကိုဌေးလွင် က ပြောသည်။
မင်းဘူးမြို့ လျှော်ဖြူပေါက်ဈေးမှာ တစ်ပိဿာငါးထောင်မှ တစ်သောင်းခြောက်ထောင်ထိ ရှိနေသည်ဟု ယေဘုယျ ဆိုနိုင်သော်လည်း နိုင်ငံခြားဝယ်လက်အကြိုက် ကြာဆံမျှင်လျှော်ဖြူဈေးမှာ တစ်ပိဿာ တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင်ထိ ပေါက်ဈေးရှိနေကြောင်း အဝယ်ဒိုင် ကိုရန်လင်းအောင် ထံမှ သိရသည်။
“ လျှော်ဖြူကို ဧကရာနဲ့ချီပြီးစိုက်တဲ့ ပခုက္ကူမြို့က လုပ်ငန်းရှင်ကိုလပြည့် ဂျပန်နိုင်ငံ SME ပြပွဲမှာ မြန်မာပြည်က လျှော်ဖြူတွေ သွားပြတယ်။ ဒီကဈေးနဲ့ ခြောက်ဆတစ်ဆလောက်ကွာတယ်။ ဈေးပိုရတယ်။ ဒါပေမယ့် အော်ဂင်းနစ်သီးနှံ ဖြစ်ရမယ်တဲ့။ အရေအတွက်ထက် အရည်အသွေးကို ပိုပြီးဂရုစိုက်မယ်ဆိုရင် ဂျပန်ကို ဈေးကောင်းကောင်းနဲ့ပို့လိုရပြီ။ တရုတ်ဈေးကွက်ကို မှီခိုစရာ မလိုတော့ဘူးပေါ့ ” ဟု မင်းဘူးမြို့မှ လျှော်ဖြူဝယ်ရောင်းလုပ်ကိုင်သူ ကိုမိုးကျော် က ဆိုသည်။
မကွေးတိုင်းတွင် မြေလွတ်မြေရိုင်းများ၊ ယာမြေများ၊ ပုဂ္ဂိလိကသစ်တောစိုက်ခင်းများ၌ လျှော်ဖြူစိုက်ခင်း ထူထောင်သူ တိုးပွားလာနေပြီး (၁၀)ဧက စိုက်ခင်းတစ်ခုလျင် မြေတန်ဖိုးမပါ သိန်းရာနှင့်ချီ၍ ရင်းနှီးမြုပ်နှံမှုများရှိနေကြောင်း၊ ဈေးကွက်အနေအထား အောက်ဆုံးထိထိုးကျ၍ တစ်ပိဿာ ငါးထောင်ကျပ်ဖြစ်နေစေကာမူ နှစ်ရှည်အကျိုးခံစားနိုင်သောကြောင့် အမြတ်အစွန်း စိတ်ချရကြောင်း မကွေးဒေသခံစိုက်ပျိုးရေးလုပ်ကိုင်သူ ကိုအောင်ငြိမ်း က သူ၏အမြင်ကို ပြောပြသည်။
ဇေယျတု(မကွေး)


