ရန်ကုန်  ၂၆  ဇွန်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ကုန်တင်ရပ်နားကွင်း၌ ဇွန် ၂၆ ရက်၊နံနက် ၈ နာရီက ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့တွင် ယမန်နှစ်ထက် မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်းများ အမေရိကန်ဒေါ်လာ ၈၃၉ သန်းကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာ တွင် ၂ဝ၂၀ ပြည့်နှစ်သည် ၂၀၁၉ ခုနှစ်ထက် ၃ ဆခန့်ဖော်ထုတ်ဖမ်းဆီး ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

"ဒီနှစ်မှာ မီးရှို့ဖျက်ဆီးတဲ့ အမျိုးအမည်နဲ့အရည်အတွက် မနှစ်ကထက်များတယ်။ မနှစ်က အမေရိကန်ဒေါ်လာ ၁၀၈ ဒသမ ၇ သန်းမီးရှို့ ဖျက်ဆီးခဲ့ပြီးတော့ ဒီနှစ်မှာ ၁၄၄ သန်းမီးရှို့ ဖျက်ဆီးနိုင်တဲ့ အတွက် မနှစ်က ထက် ၃၅ ဒဿမ ၃ သန်း ပိုပြီးမီးရှို့ ဖျက်ဆီးနိုင်ခဲ့တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက် တာဝန် ၄ ရပ်ဖြစ်ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေမှူး ရည်မှန်းချက်ကို တပ်မတော်နဲ့လက်တွဲပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ပြည်သူလူထုပူးပေါင်းပြီး တားဆီးဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဝေက ပြောသည်။

 

ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကုသရေးကာလ၌ အခမ်းအနားနှင့်ပြပွဲ၊ပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းမရှိဘဲ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲကို ရန်ကုန်၊ မန္တလေး ၊ တောင်ကြီးနှင့် လားရှိုးမြို့များတွင် လည်းကောင်း၊ အစပျိုးဓာတုပစ္စည်များနှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးပွဲကို ဇွန်လ(၂၃)ရက်နေ့က ကွတ်ခိုင်မြို့တွင်လည်းကောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနထုတ်ပြန်မှုနှင့် အညီ ဆောင်ရွက်ခဲ့ပြီး အဆိုပါနေ ၅ နေရာတွင် ဘိန်း ၃၁၃၄ ကီလိုကျော်၊ ဘိန်းဖြူ ၁၀၉၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၈ သန်းခန့်၊ အိုက်စ် ၁၁၁၃၁ ကီလိုကျော်၊ ဆေးခြောက် ၈၀၉ ကီလိုကျော်နှင့် အညီ ကတ်တမင်း ၁၄၂၈ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း ၁၁၃ မျိုး စုစုပေါင်းတန်ဘိုးငွေကျပ် ၁၂၁၇ ဒသမ ၇၁၂ ဘီလီယံ( အမေရိကန်ဒေါ်လာ ၈၃၉ သန်းကျော်)နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းအမျိုးပေါင်း ၅၀ ကို ဖျက်ဆီးခြင်းဖြစ်သည်။

 

၂၀၁၉ ခုနှစ်က ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ကျပ်ငွေ ၄၅၁ ဒဿမ ၇၄၆ ဘီလီယံတန်ဘိုး(အမေရိကန်ဒေါ်လာ ၃၀၁ သန်းကျော်)ရှိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်း ၅၉ မျိုးကို မီးရှို့ဖျက်ဆီးခဲ့  ပြီး ယခုနှစ်တွင် ၇၆၅ ဒသမ ၉၆၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၃၈ သန်းကျော်)ပိုမို မီးရှို့ဖျက်ဆီးခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအဖြစ် ဇွန်လ(၂၃) ရက်နေ့မှစတင်၍ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ ရွှေမန်းတောင် အားကစားကွင်းတွင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၁၇ မျိုး စုစုပေါင်းတန်ဘိုးငွေကျပ် ၅၉ ဒသမ ၁၃(အမေ ရိကန်ဒေါ်လာ ၄၀ သန်းကျော်)ကို လည်းကောင်း၊ ရှမ်း ပြည်နယ်၊ တောင်ကြီးမြို့ရှိ အဝေယာမီးပုံးပျံကွင်းတွင် မူးယစ်ဆေးဝါး ၁၉ မျိုးနှင့် ဓာတုပစ္စည်း ၃၀ မျိုး စုစုပေါင်းတန်ဘိုးငွေကျပ် ၃၃၇ ဒသမ ၃၈ ဘီလီယံ( အမေရိကန် ဒေါ်လာ ၂၃၂ သန်းကျော်)ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့ နယ်မြေခံ တပ်ရင်းရှေ့ရှိ ဘောလုံးကွင်း၌ မူးယစ်ဆေးဝါး ၁၄ မျိုး စုစုပေါင်းငွေကျပ်တန်ဘိုး ၆၀၈ ဒသမ ၉၄၈ ဘီလီယံ(အမေရိကန်ဒေါ် ၄၂၀ သန်း)ကိုလည်းကောင်း  အသီးသီးမီးရှို့ဖျက်ဆီးခဲ့သည်။ ယနေ့ လှိုင်သာယာမြို့နယ် ကုန်တင်ယာဉ်ရပ်နားကွင်းတွင်  မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၂ မျိုး စုစုပေါင်းတန်ဘိုးငွေကျပ် ၂၀၈  ဒသမ ၈၇ ဘီလီယံ( အမေရိကရိကန်ဒေါ်လာ ၁၄၄ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သည်။

 

ယခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်မှာ “ ထိထိရောက်ရောက် စောင့်ရှောက်ဖို့ ဘက်စုံအသိအမြင် လေ့လာစို့( Better knowledge for better care )  ဖြစ်ပြီး နိုင်ငံတော်၏ ဦးဆောင်မှုဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပြည်သူတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီးနှီမ်နင်းရေး လုပ်ငန်းများကို အထူးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုး နှင့်ကွတ်ခိုင်မြို့နယ်တို့တွင်  စုစုပေါင်းတန်ဖိုးငွေကျပ် ၁၂၁၇ ဒသမ ၇၁၂ ဘီလီယံ( အမေရိကန်ဒေါ်လာ  ၈၃၉ သန်းကျော်) မီးရှို့ဖျက်ဆီးခဲ့ပြီး  ၂၀၂၀ ပြည့်နှစ်သည် ၂၀၁၉ ခုနှစ်ထက် ၃ ဆခန့် ပိုမိုဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးလှအေး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်၊ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ် တိုင်းမှူဗိုလ်မှူးကြီး ဇော်နိုင်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီးဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး MANA (ဗဟို)ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှ တာဝန်ရှိသူများ၊ဌာနဆိုင်ရာများ တက်ရောက် ကြသည်။

 

သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး