၈ ဇန်နဝါရီ
ကြေးမုံ အယ်ဒီတာ့ အာဘော်
" ယနေ့လူငယ် နောင်ဝယ်လူကြီး " ဆိုစကားရှိ၏။ ယနေ့ လူငယ် လူရွယ်များနောင်တွင် အရွယ်ရောက်ကြီးပြင်းလာမည်ဟု ဆိုလိုခြင်းမဟုတ်၊ ယနေ့လူငယ်များသည် နောင်အနာဂတ်တွင် တိုင်းပြည်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်မည့် လူကြီးများဟု ဆိုလိုခြင်းဖြစ်သည်။ထို့ကြောင့် ယနေ့လူငယ်လူရွယ်များသည် အနာဂတ်တိုင်းပြည်အတွက် လူ့စွမ်းအား အရင်းအမြစ်များ၊ အနာဂတ်တိုင်းပြည်က တည်ဆောက်မည့်သူများဖြစ်၍ အလွန်အရေးပါသော အင်အားစုဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေစာရင်းအရ နိုင်ငံရှိလူဦးရေ၏ ၃၅ ရာခိုင်နှုန်းကျော်သည် အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြားအရွယ်ရှိ လူငယ်လူရွယ်များဖြစ်သည်။ လူဦးရေအားဖြင့် သုံးပုံတစ်ပုံကျော်ရှိသည်။ တိုင်းပြည်တွင် လူငယ်လူရွယ် အင်အားများလျှင် အနာဂတ်အတွက် ကောင်းသောလက္ခဏာဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံရှိ လူငယ်လူရွယ် အင်အားများမှာ ကောင်းသောအနေအထားတွင် ရှိသော်လည်းအနာဂတ်အတွက်မူ စိတ်ပူပန်ဖွယ်ဖြစ်သည်။ လူငယ်လူရွယ်ဦးရေ တိုးပွားရေးသည် အသက် ၁၅ နှစ်အောက် ကလေးသူငယ်ဦးရေ တိုးပွားရေးနှင့်သက်ဆိုင်ပြီး ကလေးသူငယ်ဦးရေ တိုးပွားရေးသည် သားသမီးမွေးဖွားနှုန်း မြင့်မားမှုနှင့်သက်ဆိုင်သည်။
ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများရှိ မိဘများမှာ ၎င်းတို့၏အလုပ်အကိုင်ကို ဦးစားပေးလွန်းသောကြောင့် သားသမီး နှစ်ယောက်ခန့်သာ မွေးလေ့ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးရေး၊ မိသားစုစီးပွားဖွံ့ဖြိုးရေးအတွက် မိခင်ရော ဖခင်ပါ ရုန်းကန်လှုပ်ရှားနေကြရသည်။ သားသမီးတစ်ဦးအား တူတူတန်တန် ပြုစုပျိုးထောင်ပေးနိုင်ရေးမှာ စရိတ်စကကြီးမြင့်လှသဖြင့် သားသမီးရယူရေးသာမက အိမ်ထောင်ပြုရေးကိုပါတွန့်ဆုတ်နေကြသည်။ ထို့ကြောင့် သားသမီးရယူရေးမှာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများနည်းတူ တစ်စတစ်စကျဆင်းလာသည်ကို တွေ့ရသည်။
ထိုအခါ အနာဂတ်တွင် လူငယ်လူရွယ်များ လျော့နည်းကျဆင်းလာမည်မှာ အမှန်ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်နိုင်သည်ကို မြော်တွေး၍ လက်ရှိလူငယ်လူရွယ်များအားအနာဂတ်အတွက် အားကိုးအားထား ပြုနိုင်သူများဖြစ်အောင် ကြိုတင်စီမံဆောင်ရွက်ကြရတော့မည်ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင်တိုင်းပြည်၏ အခန်းကဏ္ဍအားလုံး၌ လူငယ်များ၏ ဦးဆောင်မှုစွမ်းရည်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သော အရည်အသွေးပြည့်မီသည့် ပညာသင်ယူမှု အခွင့်အလမ်းသစ်များ ဖော်ထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကိုနေပြည်တော်တွင် ယမန်နေ့က ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ပြီး လူငယ်များ ဖွံ့ဖြိုးရေး၊မြန်မာနိုင်ငံ၏ အနာဂတ်၊ ခံယူရမည့်စိတ်ဓာတ်၊ လိုက်နာရမည့် တာဝန်များကို အကြံပြုလမ်းညွှန်မိန့်ကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်တည်နေသော လူငယ်လူရွယ်များအား မှန်ကန်စွာပြုစုပျိုးထောင်ခြင်း မပြုနိုင်လျှင် နိုင်ငံအနာဂတ် အတွက်ရင်လေးဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လမ်းမှန်ရောက်နေသော လူငယ်များ ရှိသလို လမ်းမှားရောက်နေသော လူငယ်များလည်းရှိသည်။ လူငယ်များ၏ ပင်ကိုစိတ်ရင်းမှာ လုပ်ရဲကိုင်ရဲ၊ စွန့်စားစူးစမ်း လုပ်ကိုင်လိုစိတ်ထက်သန်သဖြင့် လူငယ်များအား ထိန်းကျောင်းပဲ့ပြင် ပြုစုပျိုးထောင်မှုအားနည်းလျှင် လမ်းမှားသို့ အလွယ်တကူရောက်နိုင်သည်။ လမ်းမှားသို့ရောက်ခဲ့လျှင်လည်း အချိန်မီ ပြန်လည်ပြုပြင် တည့်မတ်ပေးမှသာလျှင် လမ်းမှန်ပေါ်သို့ ပြန်လည်ရောက်မည်။ ပြန်လည်ပြုပြင် တည့်မတ်ပေးနိုင်မှုမရှိပါက အဆိုးသံသရာတွင်လည်ကာ ၎င်းတို့နှင့် လူ့ဘောင်လောကအနာဂတ်အတွက် ရင်လေးဖွယ်ဖြစ်သည်။
လူငယ်လူရွယ်များအတွက် အရေးကြီးဆုံးမှာ ပညာရေးနှင့်ကျန်းမာရေး၊ လူကြီးနှင့်လူငယ်ကြား ဆက်ဆံရေးနှင့် အပြုသဘောဆောင်ရေးသည် အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလမ်းညွှန်ထားသည်။ လူငယ်လူရွယ်များ၏ စိတ်ဓာတ်မြင့်မားရေးအတွက်ပညာရေး၊ ကျန်းမာရေး ဘက်ဆိုင်ရာတို့တွင် ဖြည့်ဆည်းပေးရမည်ဖြစ်သလို အပြုသဘော ဆောင်သည့် အကောင်းမြင်ဆက်ဆံမှုများဖြင့် လူငယ်လူရွယ်များ၏ စိတ်ဓာတ်များကို မြှင့်တင်ပေးရန်လိုအပ်ပေသည်။ သို့ဖြစ်ရာ ယနေ့လူငယ်များသည် တိုင်းပြည်အနာဂတ်ဖြစ်သည်ကို သတိပြုပြီးပြုစုပျိုးထောင်တည့်မတ်ပေးဖို့ အရေးကြီးပါသည်။ ။