ရန်ကုန် မတ် ၂၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ သူနာပြုတက္ကသိုလ် (ရန်ကုန်) ၌ ကျင်းပသည့် ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များနှင့် သူနာပြုသားဖွားသင်တန်းကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား “တားဆီးကာကွယ်မီဒီယာအဆိပ်သင့်မှု အန္တရာယ်” နှင့် “နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးပြောကြားသည်။

တက်ရောက်

ဆွေးနွေးပွဲသို့ ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၊ သူနာပြုသားဖွားသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ “တားဆီးကာကွယ်မီဒီယာအဆိပ်သင့်မှုအန္တရာယ်” နှင့် “နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏ အခန်းကဏ္ဍ” မှတ်တမ်းဗီဒီယိုတို့ကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲမှ ကျောင်းသား ကျောင်းသူများ၏ အနာဂတ်လျှောက်လှမ်းရမည့် ဘဝအတွက် အသိအမြင်ကောင်းများ ရရှိစေလိုကြောင်း၊ ယနေ့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများသည် မကြာမီဆေးပညာ နယ်ပယ်ရပ်၌ နိုင်ငံ့တာဝန်ထမ်းဆောင်ကြရမည့်သူများဖြစ်သည့်အတွက် သတင်းတု၊ သတင်းမှားကို ခွဲခြားဆန်းစစ်နိုင်ကြစေလိုကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် မီဒီယာ၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ ယနေ့အချိန်အခါတွင် သတင်းတု၊ သတင်းမှားနှင့် ပတ်သက်ပြီး အရေးကြီးသည့် အချိန်အခါသို့ ရောက်ရှိနေသည့်အတွက် ကျောင်းသား ကျောင်းသူများအနေဖြင့် ဆိုရှယ်မီဒီယာပေါ်မှ သတင်းအမှားများကို ဝေဖန်ပိုင်းခြားတတ်ကြရန်လိုအပ်ကြောင်း၊ အရာရာကို ဦးနှောက်ဖြင့် ချင့်ချိန်စဉ်းစားရန်လိုကြောင်း၊ ယနေ့ ဖြစ်ပေါ်နေသည့်အခက်အခဲများကို ကျော်လွှား နိုင်ရန်အတွက် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သတင်းအဆိပ်သင့်မှုအန္တရာယ်သည် မိမိတို့၏ နေ့စဉ်လူမှုစီးပွားဘဝများစွာကို သက်ရောက်ကြောင်း၊ သတင်းအမှားများကို နားယောင်ပြီး ဆုံးဖြတ်ချက်အမှား၊ ရည်ရွယ်ချက်အမှား၊ စေတနာအမှား စသည့်အမှားများစွာ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ယနေ့လူငယ်၊ လူရွယ်များအနေဖြင့် သတင်းအမှားများကို ဆင်ခြင်သိ၊ တွေးတောသိဖြင့် ကြိုတင်တားဆီးကာကွယ်နိုင်ရမည်ဖြစ်ပါကြောင်း။

စေတနာထားဆောင်ရွက်

နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် ပညာရေးကို အလေးထားပါကြောင်း၊ ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများသည် ပြည်သူများ၏အသက်ကို စောင့်ရှောက်ကြမည့်သူများဖြစ်ပြီး အရည်အချင်းနှင့် အသိဉာဏ်မြင့်မားသူများဖြစ်၍ တန်ဖိုးထားလေးစားပါကြောင်း၊ အနာဂတ်တွင် မိမိတို့ တတ်ကျွမ်းသည့် ပညာရပ်များဖြင့် ပြည်သူနှင့် နိုင်ငံတော်အတွက် စေတနာထားဆောင်ရွက်သွားကြ စေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် နည်းပညာရပ်များကို မျက်ခြည်မပြတ်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ ဖြစ်ရန်အတွက် သတင်းအချက်အလက်အမှန်များ သိရှိရန်လိုအပ်ပါကြောင်း။

သေချာဆန်းစစ်ရန်လို

အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား ကျောင်းသူများသည် နိုင်ငံတော်၏ရတနာများဖြစ်သည့်အတွက် သတင်းမီဒီယာ၏တန်ဖိုးကို သိရှိနားလည်ပြီး နေ့စဉ်လူမှုဘဝကို အကျိုးရှိအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ လတ်တလောတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ကောလာဟလများကို သေချာဆန်းစစ်ရန် လိုပါကြောင်း၊ မှန်ကန်သော သတင်းအချက်အလက်များကို အမြဲမပြတ်၊ မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာ၍ စိုးရိမ်ပူပန်မှု မရှိကြစေလိုကြောင်း၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်ကိုကာကွယ်ရန် ကိုယ်တတ်စွမ်းသည့် ကဏ္ဍအလိုက် အလှည့်ကျဖြင့် နိုင်ငံ့တာဝန်ကို ပေါ့ပါးစွာထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းသည့် နိုင်ငံအဖြစ်ဖြတ်သန်းနိုင်ရန် မိမိတို့အားလုံး စိတ်တူကိုယ်တူဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ပြည်ထောင်စုဝန်ကြီးနှင့် ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများက တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများအတွက် DTH စလောင်းငါးစုံနှင့် MRTV Set- top Box အလုံး ၁၀၀ တို့ကို ကံစမ်းမဲဖောက်ပေးပြီး ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၊ သူနာပြု/ သားဖွား သင်တန်းကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၊ သူနာပြုသားဖွားသင်တန်း ကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမကြီးများ၊ ကျောင်းသား ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ဆွေးနွေးပွဲသို့ ဆေးတက္ကသိုလ် (၁) (ရန်ကုန်) မှ ကျောင်းသား ကျောင်းသူ ၁၀၀၊ ဆေးတက္ကသိုလ် (၂) (ရန်ကုန်)မှ ကျောင်းသား ကျောင်းသူ ၁၀၀၊ ပြည်သူ့ကျန်းမာ ရေးတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသား ကျောင်းသူ ၂၀၊ သွားဘက်ဆိုင်ရာ တက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား ကျောင်းသူ ၅၀၊ ဆေးဝါးတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား ကျောင်းသူ ၅၀၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသား ကျောင်းသူ ၅၀၊ သူနာပြုတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသား ကျောင်းသူ ၅၀၊ ရန်ကုန်သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၅ ဦး၊ ရန်ကုန်အရှေ့ပိုင်း သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၅ ဦး၊ မြောက်ဥက္ကလာပ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၅ ဦးနှင့် ဗဟိုသားဖွားသင်တန်းကျောင်း (ရန်ကုန်) မှ ကျောင်းသား ကျောင်းသူ ၂၅ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၅၂၀ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်