ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အဆိုတစ်ခု တင်သွင်းခြင်း၊ ဉပဒေကြမ်းတစ်ခု တင်သွင်းခြင်းနှင့် ကြယ်ပွင့်ပြမေးခွန်း ခုနစ်ခု မေးမြန်းသွားမည်

နေပြည်တော်  ၂၉  ဇူလိုင်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပလျက်ရှိပြီး  အစည်းအဝေးတွင် အဆိုတစ်ခုတင်သွင်းခြင်း၊ ဉပဒေကြမ်းတစ်ခု တင်သွင်းခြင်းနှင့် ကြယ်ပွင့်ပြမေးခွန်း ခုနစ်ခု မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။


ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့် တင်သွင်းသည့် “ပြည်ပရောက် မြန်မာလုပ်သားများ Labour Right အပြည့်အဝရရှိစေရေးနှင့် အခက်အခဲများ ကြုံတွေ့ရသည့်အခါ ကူညီစောင့်ရှောက် ပေးနိုင်ရေးနှင့် ပြည်တွင်းတွင် Labour Intensive Industry များ အလုံးအရင်းနှင့် ပေါ်ပေါက်လာစေရေးအတွက် စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆို တင်သွင်းခြင်းနှင့် “တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း” တင်သွင်းခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။


အစည်းအဝေးတွင် ဘားအံမဲဆန္ဒနယ်မှ  ဒေါ်နန်းသန်းသန်းလွင် မေးမြန်းသည့် “ပြည်ထဲရေးဝန်ကြီးဌာနက သိမ်းယူထားသော ဘားအံမြို့နယ်၊ လှာကဒေါင် ကျေးရွာအုပ်စု၊ လက္ခဏကျေးရွာ၊ ဝါဂွမ်းလှိုင်ထိပ်ကွင်း၊ ကွင်းအမှတ် (၁၁၂၅၊ ၁၁၂၆၊ ၁၁၂၈)ရှိ အမည်ပေါက်လယ်မြေများအား ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း” နှင့် စပ်လျဉ်းသည့် မေးခွန်း အပါအဝင် ကြယ်ပွင့်ပြမေးခွန်း ခုနစ်ခုကို မေးမြန်းသွားမည် ဖြစ်ကြောင်း သိရသည်။


MDN