ရိခေါ်ဒါရ် ၂၂ ဇွန်
ယနေ့နံနက် ၅ နာရီ ၁၀ မိနစ်ခန့်က ပြင်းအားရစ်(ခ်)တာစကေး (၅.၉)အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ရိခေါ်ဒါရ်မြို့၌ ဌာနဆိုင်ရာအဆောက်အဦနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး ဆုံးရှုံးမှုရှိကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရိပြည်ထောင်စုရိပ်သာ Portico(ဆင်ဝင်) မျက်နှာကျက် အက်ကွဲကွာကျ ပျက်စီးခြင်း၊ ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦစီးဌာန ရုံးအဆောက်အဦ အရှေ့မျက်နှာစာ နံရံများ အက်ကွဲကွာကျပျက်စီးခြင်း၊ ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဦးထန်းအောင် နေအိမ်နှစ်ထပ်တိုက် ပင်မဆောင်နှင့် ကပ်လျက်တွင်ရှိသော ဝရံတာ၊ မီးဖိုဆောင်၊ ပန်းတင်ခုံများ အက်ကွဲပျက်စီးခြင်း၊ ဒေါ်ဇွန်ကိမ်း၏ နေအိမ်တစ်ထပ်တိုက် အတွင်းအိပ်ခန်းနံရံ၊ မီးဖိုချောင်၊ မီးဖိုခန်းလှေခါးအိမ်များ အက်ကွဲပျက်စီးခြင်းနှင့် ဦးငွန်နယ်ကျဲအို၏ နေအိမ်နှစ်ထပ်တိုက် ဆောက်လုပ်ဆဲ အတွင်းနံရံများ အက်ကွဲပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေငလျင်လှုပ်ခတ်ခြင်းကြောင့် ထိခိုက်ပျက်စီးသည့် နေရာများသို့ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လ.ဝ.က၊ ပြန်/ဆက်၊ စည်ပင်ကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်လူငယ်များမှ သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ဌာနဆိုင်ရာရုံးတစ်ရုံး၊ ရိပြည်ထောင်စုရိပ်သာနှင့် လူနေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ရိခေါ်ဒါရ် (ပြန်/ဆက်)


