ညောင်ဦး ၂၉ စက်တင်ဘာ
ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့နံနက်ပိုင်းက ရွာသွန်းခဲ့သည့်မိုးဒဏ်ကြောင့် ပုဂံညောင်ဦးမြို့ ရွှေစည်းခုံ စွယ်တော်မြတ်စေတီ တောင်ဘက်စောင်းတန်း၊ ခြင်္သေ့နှစ်ကောင်ရုပ်တုကြားရှိ မုခ်အကာ တစ်ခြမ်း နံနက် ၆း၃၀ နာရီခန့်က ပြိုကျခဲ့ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ၅၉ နှစ်လောက်ကဆောက်ခဲ့တဲ့တန်ဆောင်းပေါ့နော်၊အဲဒီတုန်းက ဘိလပ်မြေအသုံး နည်းခဲ့တာ၊ အထိန်းအနေနဲ့ကျတော့လည်း အလယ်ကသံလုံးလောက်ပဲထည့်ပြီး အုတ်စီခဲ့တာ၊ ကျောက်ထုပ် မရှိဘူးပေါ့၊ ဒါကြောင့်နှစ်တွေကြာလာတော့ မိုးဒဏ်လေဒဏ်မခံနိုင်တော့လို့ ပြိုကျ သွားတာပါ၊ တန်ဆောင်းနှုတ်ခမ်းပြိုကျမှုကြောင့် လူ၊တိရိစ္ဆာန်တစ်စုံတစ်ရာ ထိခိုက်ပျက်စီးတာ မျိုးမရှိဘူး၊ တန်းဆောင်းနှုတ်ခမ်းရဲ့ နှစ်ဆယ့်ငါးရာခိုင်နှုန်းလောက်ပျက်စီးသွားပါတယ်၊ ပျက်စီးမှု အခြေအနေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ထူးခြားဖြစ်စဉ်တင်ပြထားပါတယ်” ဟု ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ပြောကြားသည်။
“တန်ဆောင်းနှုတ်ခမ်းက စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း နံရံကွဲအက်ကာ အနည်း ငယ်ပြိုကျမှု ရှိခဲ့ပါတယ်၊ စပြီးနံရံအက်ကွဲကြောင်းတွေဖြစ်လာတဲ့အချိန်မှာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ရှေးဟောင်းသုတေသနဦးစီးဌာနတွေကို တင်ပြထားတာရှိပါတယ်၊ အဲဒါက ဒီနေ့နံနက် ၆ နာရီလောက်ကတော့ ပြိုကျသွားပါတယ်၊ ပြိုကျပျက်စီးမှုအခြေအနေ ကို သက်ဆိုက်ရာဌာနတွေကို တင်ပြထားတာရှိပါတယ်၊ သန့်ရှင်းရေးဆောင်ရွက်ဖို့အတွက် သက် ဆိုင်ရာဌာနတာဝန်ရှိသူများ၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ရွှေစည်းခုံဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦး ကပြောသည်။
အဆိုပါ တန်ဆောင်းနှုတ်ခမ်းသည် ၁၉၆၁ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၂၃ခုနှစ်)ကတည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး ၅၉ နှစ်မျှကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)