မင်းတုန်း   ၃  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ယင်းကောက်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မှုအခြေအနေများကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးအောင်ကြီး ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ)နှင့် တာဝန်ရှိသူများက ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်အတိုင်းအတာ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၁၂၂ ဒသမ ၆၁၇ သန်းဖြင့် မြေသားလမ်း အရှည် ၆ မိုင် ၄ ဖာလုံ၊ လမ်းအကျယ် ၁၂ ပေ ဖောက်လုပ်ခြင်း လုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် ရေပြွန်(၅)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ယင်းကောက်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၆၅ အိမ်၊ လူဦးရေ ၃၇၇ ဦးတို့၏ ကျေးလက်လယ်ယာထုတ်ကုန် ၁၈၈ ဧကကျော် အကျိုးပြုမည်ဖြစ်ပြီး လယ်ယာထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီ လွယ်ကူလျင်မြန်စွာ ပေးပို့နိုင်မှာဖြစ်သလို လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်