ပုလဲ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်တွင် ခရိုင်အဆင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာလိုက်နာမှု အကောင်းဆုံး စံပြဆု ရွေးချယ်ရေးအတွက် အဆိုပါ ဆုရွေးချယ်ရေး ဆပ်ကော်မတီဝင်များသည် နိုဝင်ဘာ ၂၆ ရက်က ပုလဲမြို့နယ်၊ ကုက္ကိုစုကျေးရွာနှင့် လက်တောင်းကြီးကျေးရွာသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ငုဝါခိုင်က “ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုအရ မြို့နယ်အတွင်းရှိ ကုက္ကိုစုကျေးရွာ၊ လက်တောင်းကြီးကျေးရွာ၊ အလယ်ဘုံ ကျေးရွာ၊ ကျောက်ဖျာကန်ကျေးရွာ၊ ကန့်ဒေါင့်ကျေးရွာနှင့် ဆင်ရှင်ကျေးရွာများကို စံနမူနာပြ ကျေးရွာ ဖြစ်အောင် မြို့နယ်အဆင့်ဌာန တာဝန်ရှိသူများ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက် ရှိပါတယ်။ ယနေ့မှာတော့ ခရိုင်အဆင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လိုက်နာမှု အကောင်းဆုံးစံပြဆု ရွေးချယ်ရေး ဆပ်ကော်မတီမှာ ပါဝင်တဲ့ ခရိုင်ဦးစီးမှူးများက ကုက္ကိုစုကျေးရွာနဲ့ လက်တောင်းကြီး ကျေးရွာများသို့ ကွင်းဆင်းခဲ့ပြီး ကျေးရွာနေပြည်သူများ အနေဖြင့် ကျန်းမာရေး ဦးစီးဌာနက အသိပညာပေး ဟောပြောပွဲများမှာ မှာကြားခဲ့တဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို လိုက်နာ ဆောင်ရွက်မှု ရှိ ၊ မရှိ ၊ကလေးသူငယ်များနဲ့ ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် လစဉ် ကာကွယ်ဆေး ထိုးနှံမှု ရှိ၊ မရှိ ၊ကျန်းမာရေးနှင့် ပတ်သက်တဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများမှာ ပူးပေါင်းပါဝင်မှုနဲ့ လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ ၊ လွန်ခဲ့သော ( ၂ )နှစ်အတွင်း ကူးစက်ရောဂါ ဖြစ်ပွားမှု ရှိ၊ မရှိ၊လူမှုရေး အသင်းအဖွဲ့များနဲ့ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရှိ၊ မရှိ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူမှုရှိ၊ မရှိ၊ ရေတွင်းရေကန်များအား စနစ်တကျဖုံးအုပ်မှုနှင့်ရေကို ကျိုချက်၍ သောက်သုံးမှု ရှိ၊ မရှိ၊ ကျန်းမာရေးအတွက် အားကစားလှုပ်ရှားမှုများ ရှိ၊ မရှိ၊ ယင်လုံအိမ်သာသုံးစွဲမှု ရှိ၊ မရှိ ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဆောင်ရွက်ထားရှိမှု မရှိ၊ ရှိ တို့ကို ကြည့်ရှု စစ်ဆေး ခဲ့ပါတယ် ” ဟု ပြောကြားခဲ့သည်။
ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်( ၄ )မြို့နယ်တွင် ရပ်ကွက် ( ၁၂ )ရပ်ကွက် ၊ ကျေးရွာအုပ်စု (၁၈၅)အုပ်စု၊ ကျေးရွာ(၆၉၅) ရွာရှိသည့် အနက် သန့်ရှင်းသပ်ရပ်မှုကောင်းမွန်ခြင်း ၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာ အသုံးပြုခြင်း ၊ အမှိုက်ပုံးများ စနစ်တကျ ထားရှိခြင်း ၊ စည်းလုံးညီညွှတ်ခြင်း စသည့်တို့ အပေါ် စိစစ်၍ ခရိုင်စီမံခန့်ခွဲမှုကော်မတီက ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလတွင် ရပ်ကွက်၊ကျေးရွာအတွင်း သန့်ရှင်းသပ်ရပ်မှု စံပြဆု ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ လိုက်နာမှု အကောင်းဆုံး စံပြဆုနှင့် ပြည်သူများ၏ စည်းလုံးညီညွှတ်မှု စံပြဆုများကို ချီးမြှင့်ပေးမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)