ယင်းမာပင် ၆ ဒီဇင်ဘာ
စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျေးလက်နေပြည်သူများ၏ သောက်သုံးရေနှင့် ရေပေးဝေရေး ဆိုင်ရာ အချက်အလက်စစ်တမ်းများကို ဒီဇင်ဘာ ၅ ရက် နံနက် ၁၀နာရီခွဲက ပေါက်သ ဖကျေးရွာတွင် ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးလက်ရေပေးရေးဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းဖြင့် ကျေးလက်ဒေသ များ၌ ရေသုံးစွဲမှုအပေါ် လုံလောက်မှု ရှိ/မရှိ ၊ နွေရာသီ ရေရှားပါးမှု အခြေအနေများကို အလွယ်တကူ သိရှိနိုင်ပြီး စီမံကိန်းများ ရေးဆွဲရာတွင်လည်း အကျိုးကျေးဇူးများစွာ ရရှိနိုင်ရေးတို့အတွက် စစ်တမ်းများ ကွင်းဆင်းကောက်ယူရခြင်း ဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးရွာပြည်သူများနှင့်တွေ့ဆုံကာ ယင်မာပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်စင်စိုးနှင့် မြို့နယ်ဦးစီးမှူး ဦးမြင့်သန်းတို့က အချက် အလက် ကောက်ယူမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဝန်ထမ်းများက ရေမီတာ သုံးစနစ်ဖြင့် ရေပေးဝေရေး တပ်ဆင်ထားသော ကျေးလက်ရေပေးရေးဆိုင်ရာ အချက် အလက်များကို Mobile စနစ်ဖြင့် RWS MIS application အသုံးပြု၍ ကျေးရွာများတွင်ရှိသော အိမ်ထောင်စုများ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးပေးခန်းများတွင် လက်ရှိ သောက်သုံးနေသော သောက်သုံးရေ အခြေအနေများ၊ သောက်သုံးရေ ပေးဝေးမှုစနစ်အား မည်သည့် ရေအရင်းအမြစ်မှ ပေးဝေနေသည့် အချက်အလက်များ၊ ၎င်းရေအရင်းအမြစ်များ၏ ယခင်နှင့် ယခုအခြေအနေများကို စစ်တမ်းကောက်ယူမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ယခုလို ကျေးရွာများမှကျေးလက်နေပြည်သူများ၏ သောက်သုံးရေနှင့် ရေပေးဝေရေးဆိုင်ရာ အချက်အလက်များကို ဝန်ထမ်းများက စနစ်တကျ စစ်တမ်းများကောက်ယူ လျက်ရှိရာ ၂၀၂၀ ခုနှစ် မတ်လတွင် ကျေးရွာ ၅၀ ကို ကျေးလက်ရေပေးဝေရေးဆိုင်ရာ အချက်အလက် စစ်တမ်းများ အပြီးကောက်ယူ သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သန်းထံမှ သိရသည်။
သန်းဌေးအောင်(ကနီ)