မုံရွာ ၁၅ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမြို့နယ်များတွင် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းငါးမျိုးလိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခဲ့သော ယင်းမာပင်ငါးလုပ်ငန်းစခန်းသည် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ရုံးအဆောက်အဦ(၁)လုံး၊ ရေစင်(၁)လုံး၊ ကန်လုံးရေ (၁၈) လုံး၊ ဝန်ထမ်း (၂)ခန်း တွဲနေအိမ်(၁)လုံးတို့ ဆောက်လုပ်၍ တည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်း မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ရေရရှိနိုင်မှု လိုအပ်ချက်ဖြစ်ပေါ်ခဲ့ရာ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ရေတားတမံ(၁)ခု တည်ဆောက်ခဲ့သော်လည်း ရေလုံလောက်မှုမရှိခဲ့သဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဏာရေးနှစ်တွင် ငမောက်ချောင်းမှ (၄)လက်မ ပိုက်လိုင်း တစ်လိုင်းဖြင့် ရေသွယ်ရယူ၍ ငါးမှုန်ပြုစုပြီး ငါးသားပေါက်စမ်းသပ် ထုတ်လုပ်ခဲ့ရာ ယင်းမာပင်ခရိုင်အတွင်းရှိ ဆည်/တမံများသို့ ငါးမျိုးစိုက်ထည့်ခြင်း၊ ဂရန်အင်း(၁၇)လုံးအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအတွက် ငါးသားပေါက် ကောင်ရေ (၆ ဒသမ ၃၃)သိန်း ထုတ်လုပ်နိုင်ခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် (၄)လက်မ ရေပိုက်လိုင်းတစ်လိုင်း တိုးချဲ့သွယ်ယူခဲ့ပြီး ယင်းမာပင် ခရိုင်အတွင်းရှိ ဆည်/တမံ၊ အင်းများ၌ ငါးမျိုးစိုက်ထည့်ခြင်းနှင့် ဖောင်းပြင်မြို့နယ်အတွင်းရှိ ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့် ချင်းတွင်းမြစ် အနောက်ဘက် ကမ်းဒေသများတွင် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ငါးသားပေါက် လုံလောက်မှု ရှိစေရေး ထုတ်လုပ်ဖြည့်ဆည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


