ယင်းမာပင်ခရိုင်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းနှင့် လျာထားမဲရုံစာရင်းများ ပြုစုပြီးဖြစ်ဟုဆို

ယင်းမာပင်    ၂၅    ဇန်နဝါရီ    


၂၀၂၀ ပြည့်နှစ်အတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ပါဝင်ဆန္ဒမဲပေးနိုင်မည့် အခြေခံဆန္ဒမဲစာရင်းနှင့် ၎င်းအခြေခံဆန္ဒမဲစာရင်းအရ မဲရုံအရေအတွက်ကို လျာထားပြီးဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်သန့်ထံမှ သိရသည်။

ယင်းမာပင်ခရိုင်အတွင်း စာရင်းပြုစုပြီး အခြေခံမဲဆန္ဒရှင်စာရင်းအရ အခြေခံမဲဆန္ဒရှင် (၄၇၀၃၆၇)ဦး ရှိကြောင်းနှင့် ၎င်းအခြေခံမဲစာရင်းအရ မဲရုံစုစုပေါင်း ၄၇၇ ရုံအား ထားရှိမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားအခွင့်အရေးအရ ၎င်းမဲရုံအချို့တွင် တိုင်းရင်းသား ကိုယ်စားလှယ်များအတွက် ဆန္ဒမဲပုံးများ ပါရှိမည်ဖြစ်ကြောင်း သိရသည်။

"ယင်းမာပင်ခရိုင်မှာဆိုရင် ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနှင့် ပုလဲမြို့နယ်များမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ အခြေခံမဲဆန္ဒရှင်စာရင်းကို ပြုစုပြီးဖြစ်ပါတယ်၊ အဲဒီအခြေခံမဲဆန္ဒရှင်စာရင်းထဲမှာ တိုင်းရင်းသားတွေလည်းပါတယ်။ ဒီမှာရှိတဲ့ တိုင်းရင်းသားမဲဆန္ဒရှင်တွေအတွက်လည်း အခွင့်အရေးတွေ မဆုံးရှုံးစေရအောင် ကိုယ်စားလှယ်ဆန္ဒမဲပုံးတွေ ထားရှိဖို့ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေက အားနည်းချက်၊ အားသားချက်များမှ အတွေ့အကြုံတွေကိုသင်ခန်းစာယူပြီး အခုလာမည့် အထွေထွေရွေးကောက်ပွဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ဖို့ကို စီစဉ်ဆောင်ရွက် နေပါတယ်"ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်သန့်က ပြောပြသည်။

ပြုစုပြီးအခြေခံမဲဆန္ဒရှင်စာရင်းများအရ ယင်းမာပင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင် (၁၂၁၇၂၈)ဦးရှိပြီး မဲရုံ (၉၉) ရုံအားလည်းကောင်း၊ ကနီမြို့နယ်တွင် အခြေခံမဲဆန္ဒရှင် (၁၁၈၁၈၄)ဦးရှိပြီး မဲရုံ (၁၂၁) ရုံအား လည်းကောင်း၊ ဆားလင်းကြီးမြို့နယ်တွင် အခြေခံမဲဆန္ဒရှင် (၁၀၅၈၅၆)ဦးရှိပြီး မဲရုံ (၉၆)ရုံအား လည်းကောင်း၊ ပုလဲမြို့နယ်တွင် အခြေခံမဲဆန္ဒရှင် (၁၂၄၅၉၉)ဦးရှိပြီး မဲရုံ (၁၆၁)ရုံအားလည်းကောင်း စီစဉ်ထားကြောင်း သိရသည်။

ယင်းမာပင်ခရိုင်အတွင်းတွင်  ပြုစုပြီး အခြေခံမဲဆန္ဒရှင်စာရင်း၌ တိုင်းရင်းသား အခြေခံမဲဆန္ဒရှင်များပါရှိရာ ချင်းတိုင်းရင်းသားအခြေခံမဲဆန္ဒရှင် ၇၇ ဦးအတွက် မဲရုံ ၂၆ ရုံနှင့် ရှမ်းတိုင်းရင်းသား အခြေခံမဲဆန္ဒရှင် ၇၂ ဦးအတွက်  မဲရုံ ၄၄ ရုံတို့တွင်   တိုင်းရင်းသားကိုယ်စားလှယ်များ ရွေးချယ်ပေးနိုင်ရေး ဆန္ဒမဲပုံးများ ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သန်းဌေးအောင်(ကနီ)